စားအုန်းဆီဈေးနှုန်းများ ဖိအားအောက်တွင် ဆက်ရှိနေမည်ဟု CGS-CIMB ခန့်မှန်း


06 July, 2022

စားအုန်းဆီဈေးနှုန်းများ ဖိအားအောက်တွင် ဆက်ရှိနေမည်ဟု CGS-CIMB ခန့်မှန်း

စားအုန်းဆီကြမ်း Crude palm oil (CPO) ဈေးနှုန်းများ လတ်တလောတွင် ဈေးကွက်ဖိအားအောက်မှာ ဆက်ရှိနေဦးမည် ဖြစ်ရာ တစ်တန်လျှင် ရင်းဂစ် ၄,၀၀၀~၅,၀၀၀ ပတ်လည်တွင် ရှိနေမယ်လို့ မှန်းဆထားပါတယ်။ 

နိုင်ငံတကာ ကြားခံပွဲစားလုပ်ငန်းကြီး CGS-CIMB မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ အင်ဒိုနီးရှားမှ စားအုန်းဆီ အမျိုးမျိုး ပုံမှန်ထက် ပိုများတဲ့ ပမာဏဖြင့် ဈေးကွက်ထဲ ပေးပို့နိုင်ဖွယ် ရှိနေပြီး ကမ္ဘာ့စီးပွားရေး ကြီးထွားနှုန်း နှေးကွေးနေတာကြောင့် ဈေးကွက်ဖိအား ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားက ပြည်ပတင်ပို့မှု ပိတ်ပင်ထားခြင်း ရုပ်သိမ်းလိုက်ပြီးနောက်ပိုင်း မလေးရှား CPO လက်ငင်းဈေးနှုန်းများ ၃၀% ကျဆင်းခဲ့ပြီး တစ်တန်လျှင် ရင်းဂစ် ၄,၆၉၈ အထိ ကျဆင်းပါတယ်။ 

ဇွန်လ ၁၀ ရက်မှာ အင်ဒိုနီးရှားက ပြည်ပတင်ပို့ဖို့ လုပ်ငန်းစဉ်ကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ချမှတ်ပေးလိုက်ပြီးနောက်ပိုင်း ကျဆင်းမှု သိသာထင်ရှားခဲ့ပါတယ်။ 
ပြည်ပတင်ပို့ခွင့် စားအုန်းဆီပမာဏကို ပြည်တွင်း စားအုန်းဆီ ဟင်းချက်ဆီ တာဝန်ကျေရောင်းချတဲ့ domestic market obligation (DMO) ပမာဏအရ ဆုံးဖြတ်ပြီး ပါမစ်ချပေးခဲ့ပါတယ်။ 

CGS-CIMB အဆိုအရ အင်ဒိုနီးရှားက ပို့ကုန်ပါမစ် စုစုပေါင်း တန်ချိန် ၂.၄၄ သန်းကို မေလမှ ဇူလိုင် ၅ ရက်အထိ ကာလအတွင်း ပါမစ်ချပေးပြီး ဖြစ်ပါတယ်။ အဆိုပါ ပမာဏမှ ၁.၃၅ သန်း က DMO  တာဝန်ကျေ ပါမစ်များ ဖြစ်ပါတယ်။ 
နောက်ထပ် ပါမစ်တစ်မျိုးက ပြည်ပတင်ပို့ခွင့် ပိတ်ပင်ထားတာကြောင့် ပြည်တွင်း ဆီလှောင်ကန်တွေ ပြည့်နေတာကို ရှင်းထုတ်ဖို့အတွက် ပြည်ပသို့ တင်ပို့ခွင့် ပေးတဲ့ အစီအစဉ်  flush out (FO)  ဖြစ်ပါတယ်။ အဆိုပါ  FO အစီအစဉ်အရ ချပေးထားတဲ့ ပါမစ်များက တန်ချိန် ၁.၀၉ သန်း ရှိပါတယ်။ 

အခုလို ချပေးထားတဲ့ ပါမစ်များထဲမှ ပြည်ပသို့ တင်ပို့ပြီးတဲ့ ပမာဏက တန်ချိန် ၁.၆၆ သန်း ဖြစ်ပါတယ်။ DMO ပါမစ်များက တန်ချိန် ၀.၉ သန်း နှင့် FO ပါမစ်များက တန်ချိန် ၀.၇၆ သန်း ဖြစ်ပါတယ်။ 

CGS-CIMB ရဲ့ ခန့်မှန်းတွက်ချက်မှုအရ ပြည်ပတင်ပို့မှု မူဝါဒ ၂၀၂၂ ပထမနှစ်ဝက်အတွင်း 
အပြောင်းအလဲများ အကြိမ်ကြိမ် ပြုခဲ့သဖြင့် အင်ဒိုနီးရှားတွင် စားအုန်းဆီလက်ကျန် သိုလှောင်ထားရှိတဲ့ ပမာဏက ၂၀၂၂ ဇွန်လကုန်မှာ တန်ချိန် ၈ ~  ၈.၅ သန်းအထိ မျာပြားခဲ့ပါတယ်။ နှိုင်းယှဉ်ကြည့်လျှင် ၂၀၂၂ ဧပြီလကုန်မှာ လက်ကျန်သိုလှောင်မှု ပမာဏ တန်ချိန် ၆.၁ သန်း သာ ရှိခဲ့ပြီး ၂၀၂၁ ဒီဇင်ဘာလကုန်မှာ တန်ချိန် ၃. ၆ သန်းသာ ရှိခဲ့ပါတယ်။ 
အခုလို လက်ကျန် များပြားနေတဲ့အတွက် အင်ဒိုနီးရှားက တစ်လလျှင်တန်ချိန် ၃ ~ ၃.၅ သန်း ပြည်ပသို့ မြန်နိုင်သမျှမြန်မြန် တင်ပို့ဖို့ လိုအပ်နေပါတယ်။ များမကြာခင် ဆီအုန်းခိုင် ရာသီ မရောက်ခင် ဆီလှောင်ကန်များ ရှင်းထားဖို့ အထူးလိုအပ်ပါတယ်။ 

ယခု လက်ရှိ သတ်မှတ်ပြဋ္ဌာန်းထားတဲ့  DMO အချိုးအစားက တာဝန်ကျေ ရောင်းချထားတဲ့ ပမာဏရဲ့ ၇ ဆကို ပြည်ပသို့ တင်ပို့ခွင့် ရှိပါတယ်။  ယခင်က ၅ ဆ ပေးထားတာကို တိုးမြှင့်ပေးလိုက်တာ ဖြစ်ပါတယ်။ 

အခုလို လက်ကျန် ချိန်ညှိနေစဉ်ကာလတစ်လျှောက် စားအုန်းဆီဈေးနှုန်းအပေါ် ဈေးကွက်ဖိအားဆက်ရှိနေမှာ ဖြစ်ပါတယ်။ 
လက်ကျန် တန်ချိန် ၄~၅ သန်း ဖြစ်တဲ့အထိ ချိန်ညှိပေးရမှာ ဖြစ်ပါတယ်။


မလေးရှားရဲ့  CPO  လက်ကျန်ပမာဏလည်း ကြီးထွားနေပါတယ်။ 
CGS-CIMB တွက်ချက်ခန့်မှန်းတာမှာ မလေးရှားရဲ့  CPO  လက်ကျန်ပမာဏ တစ်လထက် တစ်လ ပျမ်းမျှအားဖြင် ၁၀.၅% ကြီးထွားနေပါတယ်။ ၂၀၂၂ ဇွန်လမှာ လက်ကျန်ပမာဏ တန်ချိန် ၁.၆၈ သန်း ဖြစ်လာပါတယ်။  ထုတ်လုပ်မှု များနေချိန်  အင်ဒိုနီးရှာ စားအုန်းဆီ ပြန်ဖွင့်လိုက်လို့ ပြည်ပတင်ပို့မှု လျော့ကျနေတာနဲ့ တိုက်ဆိုင်သွားတာကြောင့် လက်ကျန် များပြားလာနေတာ ဖြစ်ပါတယ်။ 
ဇွန်လမှ မလေးရှား စားအုန်းဆီ ထုတ်လုပ်မှု တစ်လထက်တစ်လ ကြီးထွားနှုန်း ၆.၈ % ရှိခဲ့ပါတယ်။ 
 

Agriculture & Livestock Read 1833 times