တရုတ် နယ်ခြားဂိတ်များ ကိုဗစ်ထိန်းချုပ်မှုကြောင့် အရှေ့တောင်အာရှ ပို့ကုန်စီးပွားရေးများထိခိုက်


19 January, 2022

တရုတ် နယ်ခြားဂိတ်များ ကိုဗစ်ထိန်းချုပ်မှုကြောင့် အရှေ့တောင်အာရှ ပို့ကုန်စီးပွားရေးများထိခိုက်

တရုတ်နိုင်ငံ၏ နယ်ခြားဂိတ်များတွင်  COVID-19  ထိန်းချုပ်မှုများကြောင့် အရှေ့တောင်အာရှတွင် ပို့ကုန်စီးပွားရေးများ ထိခိုက်ပျက်ပြားသွားစေပါတယ်။
ပိုမိုတင်းကျပ်သော အကောက်ခွန်ရှင်းလင်းရေးလုပ်ထုံးလုပ်နည်းများကြောင့် နှောင့်နှေးကြန့်ကြာသဖြင့် ကုန်စည်များ ပုပ်သိုးပျက်စီးကုန်တဲ့အတွက် ကုန်တင်ကားများသည် ပုပ်သိုးကုန်စည်များကို ကားလမ်းဘေးတွင် စွန့်ပစ်ရတဲ့ အခြေအနေသို့ ဆိုက်ရောက်စေပါတယ်။

ပို့ကုန်များမှာ ပုပ်သိုးပျက်စီးလွယ်တဲ့ စိုက်ပျိုးရေး ထုတ်ကုန်များ အများဆုံး အထိနာကြပါတယ်။
နယ်ခြားဂိတ် ပိတ်ဆို့မှုကြောင့် ဗီယက်နမ်အပေါ် သက်ရောက်မှု ကြီးမားနေပါတယ်။ ၂၀၁၁ ပထမ ၁၁ လအတွင်း ဗီယက်နမ်မှ တရုတ်သို့ စိုက်ပျိုးထုတ်ကုန် အမေရိကန်ဒေါ်လာ ၁၁.၃ ဘီလျံဖိုး တင်ပို့ခဲ့ပါတယ်။
၂၀၂၁ ဒီဇင်ဘာလ အနှောင်းပိုင်းမှာ ဗိယက်နမ်မှ တင်ပို့တဲ့ နဂါးမောက်သီးတွေကို ၄ ပတ် ပိတ်ပင်ထားခဲ့ပါတယ်။ နှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေးတံတားမှာ ထရပ်ကားများ ဝင်ရောက်ခွင့် ရပ်ဆိုင်းထားလိုက်ပါတယ်။ တရုတ်နိုင်ငံ ရှန်စီပြည်နယ်မှ ကျန်းမာရေးအာဏာပိုင်တွေက ဗီယက်နမ် နဂါးမောက်သီးအထုပ်တွေပေါ်မှာ COVID-19 ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
Zhejiang နှင့်  Jiangxi ပြည်နယ်ရှိ စူပါမားကက်တွေမှာ ဗီယက်နမ် နဂါးမောက်သီး အထုပ်ပေါ်မှာ ကိုဗစ်ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့လို့ စူပါမားကက်တွေ ယာယီ ပိတ်ထားကြရပါတယ်။
တရုတ်နယ်စပ်မှာ စောင့်ဆိုင်းနေတဲ့ ထရပ်ကား ၃,၀၀၀ ဝန်းကျင်ရှိပြီး ၁,၇၀၀ ဝန်းကျင်က နဂါးမောက်သီး၊ ပိန္နဲသီး၊ သရက်သီး၊ ဖရဲသီး ကားတွေ ဖြစ်ပါတယ်။
‘zero COVID’ မူအရ Guangxi  မှာ ဗိုင်းရပ်စ် ကာကွယ်ရေး ဆောင်ရွက်တဲ့အတွက် နယ်ခြားဂိတ်များ ပိတ်ထားခြင်း၊ သစ်သီးတင်သွင်းမှု ရပ်ထားခြင်း စတဲ့ဆောင်ရွက်ချက်တွေဟာ လိုအပ်တာထက် ပိုနေတယ်လို့ ဗီယက်နမ် ကုန်သွယ်ရေး ဝန်ကြ္းဌာနက ဇန်နဝါရီလ ၂ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ယခုလို ပြတ်တောက်မှုက နှစ်နိုင်ငံ ကုန်သွယ်မှုအပေါ် အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေပြီး နှစ်ဖက်စလုံးမှ စီးပွားရေးလုပ်ငန်းတွေနဲ့ လူအများတို့ကို ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေပါတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။


အထူးသဖြင့် နဂါးမောက်သီး စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များက တရုတ်နှစ်သစ်ကူးအမီ  အရှိန်မြှင့်တင်ကာ ခူးဆွတ်တင်ပို့ခဲ့သော်လည်း လက်ရှိအခြေအနေက သဲရေကျ ဖြစ်ကုန်တယ်။
ယခုအထိ တရုတ်နိုင်ငံတွင်းရှိ ၎င်းတို့၏ ရည်ရွယ်ထားသော ဈေးကွက်သို့ မရောက်ရှိသေးပေ။

ပြည်ပသို့ ထွက်မရ ဖြစ်နေသဖြင့် ပိုလျှံနေသည်တို့ကို ပြည်တွင်းမှာ အရောင်းမြှင့်တင်ရေး လုပ်ဆောင်ပြဖို့ ယာသမားများကို ဗီယက်နမ်အစိူရက အကြံပြု တိုက်တွန်းထားပါတယ်။
ဗီယက်နမ်မှာ နဂါးမောက်သီးများ ဈေးထိုးကျကုန်တယ်။

အလားတူ ဖြစ်ရပ်မျိုးကို တရုတ်မြန်မာ နယ်ခြားမှာလည်း ကြုံတွေ့ကြရပါတယ်။ လမ်းမကြီး ဘေးဘက်မှာ ဖရဲသီးတွေ စွန့်ပစ်ကြတယ်။ နယ်စပ်ဂိတ်တွေ ထိန်းချုပ်ထားလို့ ပုပ်သိုးလွယ် စိုက်ပျိုးထုတ်ကုန်တွေ ရောင်းလို့ မရနိုင်တဲ့ အခြေအနေ ဆိုက်ရောက်ကုန်ပြီး စွန့်ပစ်ကြရတယ်။

နိုဝင်ဘာလကုန်ပိုင်းမှာ တရုတ်က ရွှေလီမှ အဓိက လမ်းကြောင်း ဝမ်တိန်နယ်စပ်ဂိတ်ကို COVID-19. ကာကွယ်ရေးအတွက် ၅ လကြာ ပိတ်ထားပြီးနောက် ပြန်လည်ဖွင့်လှစ်ခဲ့တယ်။ ဒါပေမဲ့ တင်းကျပ်ပြီး လက်တွေ့မကျတဲ့ စည်းကမ်းတွေကြောင့် ပုံမှန်ပြန်မဖြစ်တော့ဘူး။ ထရပ်ကား အများအပြား ဖရဲသီးတွေ စွန့်ပစ်ခဲ့ကြရတယ်။

ပို့ဆောင်ရေး လုပ်ငန်းရှင် အသက် ၆၅ နှစ်ရှိသူ လီဌေးက South China Morning Post သတင်းဌာနကို ပြောပြခဲ့တာမှာ " ကပ်ရောဂါ မတိုင်ခင်က ကျွန်တော်တို့ တရုတ်ကို တစ်ရက်လျှင် သစ်သီး ထရပ်ကား ၅၀၀ ကျော် တင်ပို့ခဲ့ပါတယ်။ အဓိကအားဖြင့် ဖရဲ၊ သခွားမွှေး၊ သရက် စတာတွေ တင်ပို့ပါတယ်။ အခု နေ့စဉ် နယ်ခြားကို ဖြတ်တာ ၁၀ စီးထက် နည်းပါတယ်"


လာအို-တရုတ်နယ်စပ် Boten ဂိတ်မှာလည်း နောက်တွဲထရပ်ကားတွေ တသီတတန်း စောင့်နေကြရတယ်။ ထရပ်ကားတန်း အလျားက ၁၅ ကီလိုမီတာဝန်းကျင် ရှည်တယ်။
"နေရာတိုင်းမှာ ဘယ်နားသွားသွား မော်တော်ဆိုင်ကယ်တွေ ကားတွေ သွားဖို့ မလွာ်ဘူး။ တရုတ်နယ်စပ်ဂိတ်ကို ထရပ်ကားတွေ တန်းစီထားကြတယ်။ တာဝန်ရှိသူတွေက ကြိုးစားကြည့်ပါသေးတယ်။ မရပါဘူး။ ယာဉ်မောင်းတွေက သူ့ထက်ငါ ရှေ့ကို နေရာရဖို့ ဖြတ်တိုးထားကြတော့ လမ်းတွေ ပိတ်ကုန်တယ်" လို့ ရွာခံတစ်ဦးက ပြောပြပါတယ်။

အိမ်နီးနားချင်း အရှေ့တောင်အာရှ နိုင်ငံများမှ စိုက်ပျိုး ထုတ်လုပ်သူတွေက တရုတ်ပြည်တွင်း ဈေးကွက်ရဲ့ ဝယ်လိုအားအပေါ် တည်မှီထားကြရတယ်။ ‌COVID-19 ကြောင့် အဟန့်အတားတွေ ဖြစ်ပေါ်နေခဲ့သော်လည်း ၂၀၂၁ ပထမ ၁၁ လအတွင်း ဗီယက်နမ်နိုင်ငံမှ တရုတ်သို့ တင်ပို့တဲ့ စိုက်ပျိုးထုတ်ကုန် တန်ဖိုးပမာဏက ၂၀၂၀ ခုနှစ် ပထမ ၁၁ လအတွင်း တင်ပို့ခဲ့တာထက် ၁၁ % ပိုများခဲ့ပါတယ်။ ရန်ကုန်မှ သစ်သီးကုန်သည်တစ်ဦးက RFA ကို ပြောပြတာမှာ မြန်မာမှ တရုတ်သို့ သစ်သီးတင်ပို့ရတာဟာ တရုတ်ဘက်မှာ ဈေးပိုမြင့်တယ်လို့ ဆိုပါတယ်။ 

တရုတ်အစိုးရအနေဖြင့် “zero COVID” မဟာဗျူဟာကို ဆက်လက်ကျင့်သုံးမှာ ဖြစ်ပြီး တရုတ်နှင့် ကုန်သွယ်ရေးမှာ ဆုံးရှုံးမယ့်အရေးကလည်း ဖြစ်နေကျပုံမှန်ဖြစ်ရပ်များအဖြစ် ဆက်ရှိနေ ဦးမှာ ဖြစ်ပါတယ်။

Export, Import Read 374 times