မြန်မာနိုင်ငံရေကြောင်းအင်ဂျင်နီယာအသင်း (၃၃)နှစ်ပြည့် နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးကျင်းပခြင်း


18 March, 2019

မြန်မာရေကြောင်းအင်ဂျင်နီယာများရဲ့တခုတည်းသောအသင်းဖြစ်သည့် မြန်မာနိုင်ငံရေကြောင်းအင်ဂျင်နီယာအသင်း၏ (၃၃) နှစ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို  ၂၀၁၉ ခုနှစ်၊ မတ်လ ၁၆ ရက် (စနေနေ့) နံနက် (၉)နာရီခန့်တွင် လယ်ယာ(၃)လမ်း၊ သာကေတမြို့နယ်ရှိ မြန်မာနိုင်ငံရေကြောင်းအင်ဂျင်နီယာ အသင်းရုံးအစည်းအဝေးခန်းမ၌ အသင်းသားစုံလင်စွာဖြင့်ကျင်းပခဲ့ပါသည်။

ယင်းအစည်းအဝေးသို့ သဘာပတိအဖွဲ့အဝင်လူကြီးများဖြစ်ကြသော ဆရာကြီးဦးဉာဏ၊ ဆရာကြီးဦးသင့်ထွန်း၊ ဆရာကြီးဦးလှခိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်အုန်း၊ ဥက္ကဌဦးရဲမြင့်ဖေ၊ ဒုဥက္ကဌဦးအေးလွင်၊ ဦးနန်းဝင်း၊ ရေကြောင်းတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာမြတ်လွင်၊ ရေကြောင်းဦးစီးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးစိုးနိုင်(၁)၊ ဒုတိယညွှန်ကြားဆရာများနှင့် အသင်းသားများ စုံညီစွာတက်ရောက်ကြပါသည်။

ရှေးဦးစွာ အခမ်းအနားအစီအစဉ်အရ သဘာပတိဆရာကြီးဦးလှခိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ဥက္ကဌဦးရဲမြင့်ဖေမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ယင်းနောက် အသင်းအတွင်းရေးမှူးမှ အမှုအဆောင်အဖွဲ့၏ အစီရင်ခံစာကို အသင်းအတွင်းရေးမှူးဦးသန်းဝင်းကိုယ်စား အလုပ်အမှုဆောင်တစ်ဦးဖြစ်သော ဦးပြည့်ဖြိုးငွေမှ ဖတ်ကြားတင်ပြပြီး အစီရင်ခံစာကို သဘာပတိအဖွဲ့မှ ထောက်ခံအတည်ပြုခဲ့ခြင်းနှင့် ဘဏ္ဍာရေးမှူးဦးခင်မောင်ထွေးမှ ၂၀၁၈-၂၀၁၉နှစ်ပတ်လည် ငွေစာရင်းရှင်းတမ်းအား ဖတ်ကြားတင်ပြပြီး သဘာပတိအဖွဲ့မှ အတည်ပြုထောက်ခံခြင်းများပြုလုပ်ခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံရေကြောင်းအင်ဂျင်နီယာအသင်း အလုပ်အမှုဆောင်ဟောင်းများနှင့် လက်ရှိအမှုဆောင်များထဲမှ အသက်(၇၀)ကျော်ပုဂ္ဂိုလ်များအား မေတ္တာလက်ဆောင်ပေးအပ်ခြင်း၊ အလုပ်အမှုဆောင်များအစားထိုးရွေးချယ်တင်မြှောက်ခြင်းနှင့် အတည်ပြုချက်ရယူခြင်း၊ အလုပ်အမှုဆောင်သစ်များကတိသစ္စာပြုခြင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံရေကြောင်အင်ဂျင်နီယာ အသင်းပူးပေါင်းဆောင်ရွက်ရေး၊ ညှိနှိုင်းအစည်းအဝေးနှင့်ပတ်သက်ပြီး ဒုဥက္ကဌဦးအေးလွင်မှ ရှင်းလင်းတင်ပြပြီး အထွေထွေကိစ္စရပ်များ ဆွေးနွေးကာ အသင်းသားစုံညီနှစ်ပတ်လည်းအစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံရေကြောင်းအင်ဂျင်နီယာအသင်း၏ နှစ်ပတ်လည်ဂုဏ်ပြုညစာစားပွဲကို ၂၇.၃.၂၀၁၉(ဗုဒ္ဓဟူးနေ့) တပ်မတော်နေ့ ညနေ ၅နာရီခန့်အချိန်တွင် ရန်ကုန်မြို့မြေပဒေသာကျွန်းအနီးရှိ Dolphin Restaurant၌ နှစ်စဉ် ကျင်းပမြဲဖြစ်သော အစီအစဉ်များအတိုင်း အစဉ်အလာမပြတ်စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်းသတင်းရရှိခဲ့သည်။

Events & Exhibition Read 416 times