မကွေးတိုင်းအပါအဝင် မြန်မာနိုင်ငံရှိ SMEလုပ်ငန်းများ အလုံးစုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေ


29 March, 2018

SME Agency ၏ ဒုတိယအကြိမ်မြောက်ဆွေးနွေးပွဲ

SME Agency လို့ အတိုကောက်ခေါ်ဆိုကြတဲ့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဟာ နိုင်ငံတော်အစိုးရက ဦးဆောင်ဖွဲ့စည်းထားတဲ့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့ သုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ် ကိုယ်စားလှယ်များဟာ လုပ်ငန်းကော်မတီတွင်သာမက ကျန်လုပ်ငန်းအဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့ နှင့် လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ တို့မှာလည်း ပါဝင်တာဝန်ယူဆောင်ရွက်နေပါသည်။

SME Agency ရဲ့ ဒုတိယအကြိမ်မြောက် အစည်းအဝေးကို မကွေးမြို့နယ်ရှိ မကွေးတိုင်းဒေသကြီး အစိုးရရုံးမှာ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးကို SME Agency ဥက္ကဋ္ဌဖြစ်သူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအောင်ထူး နှင့် ဒုတိယဥက္ကဋ္ဌဖြစ်သူ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း တို့က ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။

အစည်းအဝေးရဲ့ အဓိကဆွေနွေးချက်တွေကတော့

-SME ဖွံ့ဖြိုးတိုးတက်ရေး Master plan, action plan နှင့် guideline များ ရေးဆွဲရေး

-SME လုပ်ငန်းမှတ်ပုံတင်ခြင်းကို လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်ရေး

-SME များအတွက် အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေစီစဉ်ပေးရေး၊

-Supply Chain နှင့် value chain များ ဖော်ဆောင်ရေး

-လုပ်ငန်းအကြံပေးဝန်ဆောင်မှု Consultancy ပေးစွမ်းနိုင်ရန် service center များ တည်ထောင်ရေး

-ထုတ်ကုန်အဆင့်မြှင့်နည်းပညာများ နှင့် လုပ်ငန်းစီမံခန့်ခွဲမှု သင်တန်းများပေးအပ်ရေး

စတဲ့ လုပ်ငန်းများကို ပေါင်းစပ်ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါသည်။

အစည်းအဝေးကို အသင်းချုပ်ကိုယ်စားလှယ်များအပြင် မကွေးတိုင်းဒေသကြီးအစိုးရ၊ အစိုးရဝန်ကြီးဌာနများနှင့် Strategy First မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။


SME ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆွေးနွေးပွဲ

မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းများအားလုံးဟာ ရာနှုန်းပြည့် အသေးစားနှင့်အလတ်စားလုပ်ငန်းများ (SME) ဖြစ်တယ်လို့ တိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောခဲ့ပါသည်။

မကွေးမြို့ မြို့တော်ခန်းမမှာ ယမန်နေ့ကကျင်းပတဲ့ SME ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးညှိနှိုင်းပွဲမှာ အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးဟာ ဒေသခံ SME လုပ်ငန်းရှင်များ ၃၀၀ ကျော်ကို ဒေသစီးပွားရေးအခွင့်အလမ်းတွေ နှင့် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ရေးနည်းလမ်းတွေကို ရှင်းလင်းတင်ပြခဲ့ပါသည်။

အဓိကအားဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာ နှင့် ချိတ်ဆက်ပြီး၊ မဟာဗျူဟာရဲ့ ဦးစားပေးကဏ္ဍများဖြစ်တဲ့ ဆန်စပါး၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ ရော်ဘာ၊ ခရီးသွားလုပ်ငန်း စတဲ့ကဏ္ဍတွေရှိ SME တွေအနေနဲ့

(၁) သွင်းကုန်အစားထိုးရန်
(၂) ပြည်ပတင်ပို့နိုင်ရန် ကုန်ပစ္စည်းအရည်အသွေးမြှင့်ရန်
(၃) တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်

အတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေနဲ့ အကူအညီအထောက်အပံ့ရရှိနိုင်မယ့် အခွင့်အလမ်းတွေကို တင်ပြဆွေးနွေးခဲ့ပါသည်။

ဂျပန်နိုင်ငံ JICA မှ တစ်ဆင့် ယန်း ၁၅ ဘီလီလျံကျော်ကို SME ချေးငွေအဖြစ် အကူအညီပေးနိုင်ရေးအတွက် ဂျပန်အစိုးရက ပြင်ဆင်နေကြောင်း၊ မြန်မာနိုင်ငံ အမျိုးသားပို့ကုန်မဟာဗျူဟာရဲ့ ဦးစားပေးကဏ္ဍတွေထဲက SME လုပ်ငန်းတွေကို ဦးစားပေး ချေးငွေထောက်ပံ့ပေးဖို့ ကုန်သည်စက်မှုအသင်းချုပ်က အကြံပြုထားကြောင်း ဦးအောင်ကြည်စိုးက ဆွေးနွေးပွဲမှာ ပြောခဲ့ပါသည်။


SME စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပြပွဲ

နိုင်ငံတော် အစိုးရက ဖွဲ့စည်းထားတဲ့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဟာ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်အတွင်းရှိ ဒေသတွင်း အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေ (MSME) ရဲ့ ထုတ်ကုန်ပြပွဲကို မကွေးမြို့မှာ ပြုလုပ်ခဲ့ပါသည်။

မကွေးမြို့ ကျောက်တိုင်ပန်းခြံအတွင်းမှာ ပြုလုပ်ခဲ့တဲ့ ပြပွဲမှာ ဒေသသုံးခုမှ MSME များဟာ ဒေသထွက်စားသောက်ကုန်၊ ဖျော်ရည်အမျိုးမျိုး၊ စက်မှုလက်မှုပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ နှင့် လျှပ်စစ်ပစ္စည်းများ စတဲ့ ဆိုင်ခန်းပေါင်း (၁၅၀) ကျော်ကို မတ်လ ၂၆ ရက်အထိ ခင်းကျင်းပြသသွားခဲ့ပါသည်။

ပြခန်းတွေကို စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ စီးပွားကူးသန်းဝန်ကြီးဌာန ဒုတိယ ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ချင်းပြည်နယ်ဝန်ကြီးချုပ်တို့နဲ့ အတူ အသင်းချုပ် ဥက္ကဌ ဦးဆောင်တဲ့ ကိုယ်စားလှယ်များက ကြည့်ရှုခဲ့ပြီး လုပ်ငန်းရှင်တစ်ဦးချင်းစီနဲ့ လုပ်ငန်းတိုးတက်ရေး ဆွေးနွေးခဲ့ကြပါသည်။

ပြခန်းပြသခြင်းဖြင့်တင်မဟုတ်ပဲ ဒေသခံလုပ်ငန်းတွေအတွက် လက်တွေ့အထောက်အကူဖြစ်စေဖို့ အသင်းချုပ် ကိုယ်စားလှယ်အဖွဲ့မှာ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ကိုယ်စားလှယ်များအတူ ပါဝင်လာခဲ့ပါတယ်။ လက်လီအသင်းမှ ကိုယ်စားလှယ်တွေရဲ့ ချိတ်ဆက်မှုနဲ့ ဒေသထွက်ကုန်တွေကို မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ စတိုးဆိုင်ကြီးများ၊ စူပါမားကတ်များသို့ တင်သွင်းရောင်းချနိုင်ရေး အသင်းချုပ်က ညှိနှိုင်းပေးခဲ့ပါသည်။

ဒေသထွက်ကုန်တွေကို စူပါမားကတ်ကို တင်လိုက်နိုင်ပြီဆို၊ နိုင်ငံတကာဈေးကွက်အထိ တင်ပို့နိုင်ဖို့အထိ အလားအလာကောင်းသွားပါပြီ။ ဥပမာ City Mart နဲ့ ဂျပန်ကုန်သွယ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Sojitz Corporation နဲ့ ပူးပေါင်းဆောင်ရွက်နေတာရှိပါသည်။

ဒီလို အောင်မြင်နေတဲ့ လက်လီလုပ်ငန်းတွေကနေ အရည်အသွေးကို ထောက်ခံပေးနိုင်ရင်၊ ချိတ်ဆက်ပေးနိုင်ရင် နိုင်ငံခြားကို တင်ပို့ဖို့အထိ လုပ်နိုင်မှာဖြစ်ကြောင်း၊ ထောက်ခံချက်နဲ့ပဲ MSME တွေအတွက် ဘဏ်ချေးငွေရနိုင်မယ့် အခွင့်အလမ်းလည်းရှိတယ်လို့ အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက ပြောခဲ့ပါသည်။

တစ်ဖက်မှာလည်း ပြပွဲမှာလာရောက်ပြသထားတဲ့ ကုန်ပစ္စည်းအချို့မှာ ထုတ်ပိုးမှုစနစ်၊ တံဆိပ်အမှတ်အသား စသည်ဖြင့် အဆင့်မြှင့်တင်ဖို့ လိုအပ်နေသေးတာ အသင်းချုပ်ကိုယ်စားလှယ်များ တွေ့ရှိခဲ့ပါတယ်။

ဒီလို ကုန်ပစ္စည်းတွေရဲ့ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီး တန်ဖိုးမြှင့်ကုန် ထုတ်လုပ်နိုင်ဖို့အတွက် ဆောင်ရွက်သင့်တဲ့ လုပ်ငန်းတွေ နဲ့ နည်းလမ်းတွေကို ဆွေးနွေးပေးခဲ့ပါတယ်။ ချေးငွေ နှင့် နည်းပညာရရှိရေး၊ ဈေးကွက်ရှာဖွေနိုင်ရေး အကူအညီလိုပါက ဆက်သွယ်အကူအညီတောင်းကြဖို့ အသင်းချုပ်က ဖိတ်ခေါ်ခဲ့ပါတယ်။

ယခုကျင်းပပြုလုပ်တဲ့ပြပွဲဟာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ စီစဉ်တဲ့ ဒုတိယအကြိမ်မြောက်ပြပွဲဖြစ်ပါတယ်။ ပထမအကြိမ်အဖြစ် မန္တလေးမြို့မှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တာပါ။

Source: UMFCCI

Local News Events & Exhibition Read 722 times