မြန်မာ့ရေထွက်ပစ္စည်းဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့၌ ကျင်းပပြုလုပ်မည်


10 May, 2019

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ကြီးမှူး၍ မြန်မာ့ရေထွက်ပစ္စည်း ဈေးရောင်းပွဲတော်ကို ယခုလအတွင်း ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရပါတယ်။

အဆိုပါ မြန်မာ့ရေထွက်ပစ္စည်း ဈေးရောင်းပွဲတော်ကို မေလ ၁၁ ရက် ( စနေနေ့ ) မှ ၁၃ ရက် ( တနလာၤနေ့ ) အထိ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ အလားတူ မြန်မာ့ရေထွက်ပစ္စည်း ဈေးရောင်းပွဲတော်ကို လွန်ခဲ့တဲ့ ၉ နှစ်ခန့်က ကျင်းပပြုလုပ်ခဲ့ဖူးပြီး နောက်ပိုင်းနှစ်တွေမှာတော့ ဆက်လက်ကျင်းပခဲ့ခြင်းမရှိဘဲ ၉ နှစ်နီးပါးကြာပြီးမှ ယခုတစ်ဖန် ပြန်လည်ကျင်းပပြုလုပ်ဖို့ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

မြန်မာ့ရေထွက်ပစ္စည်း ဈေးရောင်းပွဲတော်မှာ ရေချိုကဏ္ဍနဲ့ ရေငန်ကဏ္ဍ ခွဲခြားကာ ပြည်တွင်းမှ ထွက်ရှိတဲ့ ရေထွက်ကုန်ပစ္စည်းများကို ပြသရောင်းချသွားမှာဖြစ်ပါတယ်။

ရေချိုကဏ္ဍမှာ မွေးမြူရေး ရေထွက်ကုန်များအပြင် သဘာဝမြစ်၊ ချောင်း၊ အင်း၊ အိုင်များမှ ဖမ်းယူရရှိတဲ့ မြန်မာ့တိုင်းရင်းငါးများ၊ ပုစွန်များ၊ ကဏန်းများနဲ့ ငါးရှဉ့်များကို ပြသရောင်းချသွားမှာဖြစ်ပြီး ရေငန်ကဏ္ဍမှာ ရေငန်မွေးမြူရေး ပုစွန်၊ ကဏန်းပျော့များ၊ မြန်မာ့ကမ်းရိုးတန်းနဲ့ မြန်မာ့ပင်လယ်မှ ဖမ်းယူရရှိတဲ့ ရေငန်ငါးများနဲ့ ပုစွန်များကို ပြသရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

City News

Events & Exhibition Read 448 times