တောင်ကိုရီးယား အနည်းဆုံးလုပ်ခ ၂ ဒသမ ၅ ရာခိုင်နှုန်းတိုးရန် သဘောတူညီ


22 July, 2023

တောင်ကိုရီးယား အနည်းဆုံးလုပ်ခ ၂ ဒသမ ၅ ရာခိုင်နှုန်းတိုးရန် သဘောတူညီ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တောင်ကိုရီးယားတွင် လာမည့်နှစ်မှာ အနည်းဆုံးလုပ်ခ ယခုနှစ်ထက် ၂.၅% တိုးမည်။ တစ်နာရီ အနည်းဆုံးလုပ်ခ ဝမ် ၉,၈၆၀ ($7.80) ဟု သတ်မှတ်မည်။
အနည်းဆုံး လုပ်ခအသစ်သည် ယခုနှစ်ထက် ဝမ် ၂၄၀ ပိုများသည်။ တစ်လအတွက် လုပ်ခ ဝမ် ၂.၀၇ သန်းနီးပါး ရရှိမည် ဖြစ်သည်။

အဖွဲ့ဝင် ၂၇ ဦးပါသည့် အနည်းဆုံး လုပ်ခ ကော်မရှင်တွက် အစိုးရ၊ စီးပွားရေးနှင့် အလုပ်သမား ကဏ္ဍ ၃ရပ်မှ  ကိုယ်စားလှယ် ၉ ဦးစီဖြင့် ဖွဲ့စည်းထားပြီး အနည်းဆုံး အခကြေးငွေကို မဲခွဲ ဆုံးဖြတ်သည်။ အလုပ်သမားနှင့် လုပ်ငန်းရှင်တို့အကြား သတ်မှတ်ပေးစေလိုသည့် အနည်းဆုံး လုပ်ခသည် သိသိသာသာ ကွာခြားနေစမြဲ ဖြစ်သဖြင့် သဘောတူညီမှု မရနိုင်သည့်အခါ မဲခွဲ ဆုံးဖြတ်ကြရသည်။ 

ယခုနှစ်တွင် အလုပ်သမားများဘက်က အနည်းဆုံး လုပ်ခ ဝမ် ၁၂,၂၁၀ ကို ၂၀၂၄ ခုနှစ်အတွက် သတ်မှတ်ပေးရန် အဆိုပြုခဲ့ကြသည်။  ကုန်ဈေးနှုန်းများ မြင့်တက်လာသည်မှာ ၂၆.၉ ရာခိုင်နှုန်း ရှိသည်ကို ကာမိအောင် တိုးပေးစေလိုသည်။ 

လက်ရှိ အနည်းဆုံး လုပ်ခဖြစ်သည့် ဝမ် ၉,၆၂၀ ကို ထပ်တိုးမပေးဘဲ ဆက်လက်သတ်မှတ်ထားရန် အလုပ်ရှင်များက အဆိုပြုခဲ့ကြသည်။

လက်ရှိကျင့်သုံးနေသည့် အနည်းဆုံး လုပ်ခ ဆုံးဖြတ်သတ်မှတ်သည့် စနစ်ကို စတင်ခဲ့သည့် ၂၀၀၇ ခုနှစ်မှ ယခုအထိ ကာလအတွင်း ယခုနှစ်  အနည်းဆုံး လုပ်ခကို ဆေးနွေးညှိနှိုင်းကြသည်မှာ ရက်အကြာဆုံး ဖြစ်ခဲ့သည်။ 
 
အလုပ်သမားဝန်ကြီးက ကော်မရှင်ကို လာမည့် ၂၀၂၄ ခုနှစ်အတွက် အနည်းဆုံး လုပ်ခကို သုံးသပ်ဆုံးဖြတ်ရန် မတ်လ ၃၁ ရက်တွင် တရားဝင် အကြောင်းကြားခဲ့သည်။ ရက်ပေါင်း ၁၁၀ ကြာခဲ့ပြီး နောက်ဆုံးရက်ဟု သတ်မှတ်ထားသည့် နေ့တွင် ညလုံးပေါက် အစည်းအဝေး ထိုင်ခဲ့ကြပြီး ဆုံးဖြတ်ခဲ့ကြသည်။  အင်္ဂါနေ့ (ဇူလိုင် ၁၈)မွန်းလွဲ ၃ နာရီတွင် အစည်းအဝေး စတင်ခဲ့ပြီး ဗုဒ္ဒဟူး(ဇူလိုင် ၁၉ ) မနက် ၆ နာရီတွင် မဲခွဲပြီး ဆုံးဖြတ်ချက် ရရှိခဲ့ကြသည်။ ညလုံးပေါက် အချေအတင် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဆုံးဖြတ်ချက် ချခဲ့ကြခြင်း ဖြစ်သည်

 ယခင်က ရက်အကြာဆုံးမှာ ၂၀၁၆ ခုနှစ်တွင် ရက်ပေါင်း ၁၀၈ ရက် ကြာမြင့်ခဲ့ဖူးသည်။
 
ဥပဒေအရ ကော်မရှင်က အလုပ်သမားဝန်ကြီးထံ တရားဝင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆုံးဖြတ်ထားသည့် အနည်းဆုံး လုပ်ခကို တင်ပြရမည် ဖြစ်သည်။ အလုပ်သမားဝန်ကြီးက  လူသိရှင်ကြား ကြေညာချက် ထုတ်ပြန်ပေးမည် ဖြစ်သည်။ 

အနည်းဆုံး လုပ်ခ ဆုံးဖြတ်ချက်ကို အလုပ်သမားဝန်ကြီးက အတည်ပြုပေးဖို့ လိုအပ်သည်။ ထို့ပြင် အလုပ်သမားများနှင့် အလုပ်ရှင်များ နှစ်ဘက်စလုံးသည် သဘောတူညီချက်ကို ကန့်ကွက်လိုပါက ကန့်ကွက်နိုင်သည်။ ကော်မရှင်ကို ပြန်လည်သုံးသပ် အကဲဖြတ်ရန် တောင်းဆိုနိုင်သည်။  သို့သော် အနည်းဆုံး လုပ်ခ စနစ် စတင်ကျင့်သုံးသည့် ၁၉၈၈ ခုနှစ်မှစ၍ ယခုအထိ ပြန်လည်သုံးသပ်ဖို့ တောင်းဆိုခဲ့ဖူးခြင်း မရှိပေ။

ပြီးခဲ့သည့်နှစ်များကို ပြန်ကြည့်လျှင် အနည်းဆုံး လုပ်ခသည်
၂၀၁၉ တွင် ၁၀.၉% တိုးခဲ့ပြီး ဝမ် ၈,၃၅၀ ဖြစ်လာသည်။
၂၀၂၀ တွင် ၂.၈၇% တိုးခဲ့ပြီး ဝမ် ၈,၅၉၀ ဖြစ်လာသည်။ 
၂၀၂၁ တွင် ၁.၅% တိုးခဲ့ပြီး ဝမ် ၈,၇၂၀ ဖြစ်လာသည်။
၂၀၂၂ တွင် ၅.၀၅% တိုးခဲ့ပြီး ဝမ် ၉,၁၆၀ ဖြစ်လာသည်။ 
ယခုနှစ် ၂၀၂၃ တွင် ၅% တိုးခဲ့ပြီး ဝမ် ၉,၆၂၀ သို့ ရောက်ရှိနေသည်။
လာမည့်နှစ် ၂၀၂၄ ခုနှစ်တွင် အနည်းဆုံး လုပ်ခသည် ၂.၅% တိုးမည်ဖြစ်ပြီး ဝမ် ၉,၈၆၀ ဖြစ်လာမည်။ ၎င်း အနည်းဆုံး လုပ်ခ ဝမ် ၉,၈၆၀  သတ်မှတ်ပြဋ္ဌာန်းချက်သည် ၂၀၁၄ ခုနှစ်  ဇန်နဝါရီလ ၁ ရက်တွင် စတင်သက်ရောက်မည် ဖြစ်သည်။ 

နှိုင်းယှဉ်ကြည့်လျှင် တောင်ကိုရီးယား အနည်းဆုံးလုပ်ခ ဝမ် ၉,၈၆၀ ကို လက်ရှိငွေလဲနှု်းအရ ယန်းသို့ ပြောင်းလဲပါက ယန်း ၁,၀၈၆ ရရှိမည်ဖြစ်သည်။ ဂျပန်နိုင်ငံ၏ အနည်းဆုံးလုပ်ခမှာ ယန်း ၁,၀၇၂ ဖြစ်သဖြင့် တောင်ကိုရီးယားသည်တွင် ဂျပန်ထက် အနည်းဆုံးလုပ်ခ ပိုများမည် ဖြစ်သည်။ 

သမ္မတ မွန်းဂျယ်အင်းလက်ထက် ပြီးခဲ့သည့် ၅ နှစ်တာတွင် အနည်းဆုံးလုပ်ခ ၄၂% တိုးခဲ့သည်။ ထိုသို့ မြင့်တက်ခဲ့သဖြင့် စတိုးဆိုင်ငယ်များ၊ စားသောက်ဆိုင်ငယ်များတွင် အလုပ်သမား မငှားနိုင်ကြတော့ချေ။ သို့ဖြစ်ရာ နည်းပညာကို အားကိုးပြီး တက်ဘလက်များ  ရိုဘော့များ သုံးစွဲလာကြသည်။ ဆိုင်သို့ လာရောက်သူတို့သည်  အသင့်ထားရှိသည့် တက်ဘလက်ဖြင့် မှာကြားရသည်။ လာမေးမည့် စားပွဲထိုး မရှိတော့ချေ။  စခရင် တို့ထိ မှာကြားခြင်းကို အမြန်ရ စားသောက်ဆိုင်များတွင် အသုံးများကြသည်။ ရိုဘော့က မှာကြားထားသည့် စားသောက်စရာများကို လာချပေးသည်။ 

Source koreaherald

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Labour Affairs Read 348 times