ကိုရီးယားတွင် နိုင်ငံခြားသား အိမ်အကူ ခေါ်ယူသည့် အစီအစဉ် စမ်းသပ်မည်


02 August, 2023

ကိုရီးယားတွင် နိုင်ငံခြားသား အိမ်အကူ ခေါ်ယူသည့် အစီအစဉ် စမ်းသပ်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ကိုရီးယားတွင် အိမ်အကူ ရှားပါးမှုကို ကိုင်တွယ်ဖြေရှင်းရန် အစိုးရ၏ ရှေ့ပြေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယခုနှစ် ဒုတိယနှစ်ဝက်အတွင်းအရှေ့တောင် အာရှမှ နိုင်ငံခြားသား အိမ်အကူ ၁၀၀ ခန့်သည် တောင်ကိုရီးယားတွင် အလုပ်လုပ်ကိုင်ကြမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဇူလိုင် ၃၁ ရက်တွင် ပြောကြားသည်။

အဆိုပါ အစီအစဉ်ကို အလုပ်အကိုင်နှင့် အလုပ်သမား ဝန်ကြီးဌာနက ကျင်းပသည့် နိုင်ငံခြား အိမ်အကူ တင်သွင်းရေး အဆိုပြုချက်အား အများပြည်သူ ကြားနာပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကြားနာပွဲသို့ မူဝါဒရေးရာ ကျွမ်းကျင်သူများ၊ လုပ်ငန်းကဏ္ဍကို ထဲထဲဝင်ဝင် သိကြသူများနှင့် အလုပ်လုပ်ကိုင်နေသော မိဘများ တက်ရောက်ခဲ့ကြသည်။

ကိုရီးယားတွင် ကလေးမွေးဖွားနှုန်း နည်းပါးခြင်းကြောင့် ဖြစ်ပေါ်လာသည့် လူဦးရေ တဖြည်းဖြည်း ကျဆင်းလာခြင်းကြောင့် နိုင်ငံခြားသား အိမ်အကူများ ထားရှိရန် စီစဉ်ရခြင်း ဖြစ်သည်။

ရှေ့ပြေးအစီအစဉ်အရ ဝန်ကြီးဌာနသည် နိုင်ငံခြားအိမ်အကူ အယောက် ၁၀၀ ကို E-9 ဗီဇာဖြင့် ကိုရီးယားသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။
အလုပ်လုပ်သောမိဘများ၊ ကြင်ဖော်မဲ့မိဘမိသားစုများ၊  ကိုယ်ဝန်ဆောင်မိခင်ရှိသောအိမ်ထောင်စုများအတွက် အချိန်ပြည့် သို့မဟုတ် အချိန်ပိုင်းအိမ်ဖော်အဖြစ် ဆိုးလ်မြို့တွင် အနည်းဆုံး ခြောက်လကြာ အလုပ်လုပ်စေမည် ဖြစ်သည်။ 
E-9 ဗီဇာသည် သက်မွေးပညာရှင် မဟုတ်သော အလုပ်ဗီဇာ ဖြစ်ပါသည်။

နိုင်ငံခြားသား အိမ်အကူများသည် အနည်းဆုံး ကိုရီးယားနိုင်ငံတွင် ပြဋ္ဌာန်းထားသော အနည်းဆုံးလုပ်ခကို ရရှိကြမည်ဖြစ်သည်။
နိုင်ငံပိုင် အလုပ်အကိုင်အေဂျင်စီများမှ စီစဉ်ပေးသော အဆောင်များမှ အလုပ်ရှင်အိမ်သို့ အလုပ်ဆင်းရမည်ဖြစ်သည်။ 

ကလေးထိန်း ဝန်ဆောင်မှုများတွင် နိုင်ငံခြားသားအိမ်အကူများ ဆောင်ကြဉ်းပေးရန် လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အလေးပေးပြောကြားခဲ့သည်။

ကိုရီးယားနိုင်ငံတွင်  အသက်အရွယ်ကြီးရင့်သည့် လူဦးရေ ပိုများလာခြင်းနှင့် ကလေးထိန်းလုပ်သားအင်အား လျော့နည်းလာခြင်းတို့ကြောင့် နိုင်ငံခြားသားအိမ်အကူများ ခေါ်သွင်းဖို့ လိုအပ်နေသည်ဟု ဆိုသည်။ ကိုရီးယားနိုင်ငံတွင် အသက် ၅၀ ကျော်သည့် လူဦးရေသည် ၉၂.၃% ရှိသည်။ အိမ်အကူ ဝန်ထမ်းအသစ် အရေအတွက် ဆက်တိုက် ကျဆင်းနေသည်။

နိုင်ငံပေါင်း ၁၆ နိုင်ငံမှ အိမ်အကူများသည် E-9 ဗီဇာဖြင့် ကိုရီးယားတွင် အလုပ်အကိုင်ရရှိရန် အကျုံးဝင်သည်။ သို့သော် အိမ်အကူလိုင်စင် ထုတ်ပေးသော နိုင်ငံများမှ အိမ်အကူများကို ဦးစားပေး ရွေးချယ်မည်။

လျှောက်ထားသူ၏ နောက်ကြောင်းကို အစိုးရက စိစစ်မည်။ လုပ်ကိုင်ဖူးသည့် အလုပ်အကိုင်များ၊ ပြစ်မှုကျူးလွန်ဖူးခြင်း ရှိမရှိ၊ ကျန်းမာရေး မှတ်တမ်း၊ ကိုရီးယားနှင့် အင်္ဂလိပ် ဘာသာစကား တတ်ကျွမ်းမှုတို့ကို စိစစ်မည်။
ရာဇ၀တ်မှုမှတ်တမ်းရှိသူများ၊ စိတ်ကျန်းမာရေး မကောင်းသူများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုပြဿနာများရှိသူများကို ပယ်မည်ဖြစ်သည်။

ရွေးချယ်ခံရသော အလုပ်သမားများသည် နိုင်ငံတွင်းမ၀င်မီနှင့် ဝင်ပြီးသည့်နောက်တွင်  ကိုရီးယား ဘာသာစကား၊ ယဉ်ကျေးမှုနှင့် အလုပ်သမားဥပဒေဆိုင်ရာ သင်တန်းများကို တက်ရောက်ရမည်ဖြစ်သည်။
ထို့ပြင် ၎င်းတို့အား ကိုရီးယားနိုင်ငံ၏ ကလေးနှိပ်စက်မှု တားဆီးကာကွယ်ရေး၊ ဘေးကင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး စည်းမျဉ်းများအကြောင်း အသိပညာပေးမည်ဖြစ်သည်။

အစီအစဉ်အရ ၎င်းတို့ကို ကိုရီးယားနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာမှာ ယခုအခါ တစ်နာရီလျှင် ဝမ် ၉,၆၂၀ ($7.55) ဖြင့် ပေးချေမည်ဖြစ်ပြီး  တစ်လလျှင် ဝမ် ၂ သန်း ရရှိမည်ဖြစ်သည်။


တောင်ကိုရီးယား အနည်းဆုံးလုပ်ခ ၂ ဒသမ ၅ ရာခိုင်နှုန်းတိုးရန် သဘောတူညီ
https://www.industrialdirectory.com.mm/article/minimum-wage-korea.html


 

အဆိုပါ အစီအစဉ်သည် အလုပ်လုပ်နေသော မိဘများ၏ အိမ်စရိတ် ဝန်ထုပ်ဝန်ပိုးကို သက်သာစေရန် ဝန်ကြီးဌာနက မျှော်လင့်ထားသည်။

ကိုးရီးယား အိမ်အကူသည် အလုပ်ရှင် မိသားစုနှင့် အတူမနေပါက တစ်နာရီလျှင် ဝမ် ၁၅,၀၀၀ ကျော်ရရှိသည်။ အလုပ်ရှင် မိသားစုနှင့် အတူနေပါက တလလျှင် ဝမ် ၃.၅ မှ ၄.၅ သန်းအထိ ရရှိသည်။
နိုင်ငံခြားသားအိမ်အကူများသည် အလုပ်ရှင် မိသားစုနှင့်အတူ နေထိုင်ခွင့် မရှိပါ။ ၎င်းတို့သည် နိုင်ငံပိုင် အလုပ်အကိုင်အေဂျင်စီများ စီစဉ်သည့် အဆောင်တွင် နေထိုင်ကြရမည်ဖြစ်သည်။ ထိုသို့နေထိုင်ရာ၌ အဆောင်ခ ပေးရမည်။ 
Source koreatimes 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Labour Affairs Read 337 times