မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မီဒီယာအချို့ တို့ တွေ့ဆုံမေးမြန်းသည့် မေးခွန်းနှင့်အဖြေများ


19 November, 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ 
Eleven Media တို့ တွေ့ဆုံမေးမြန်းသည့် မေးခွန်းနှင့်အဖြေများ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

၁)မေး။ဒီရက်ပိုင်းအတွင်း ဘဏ်များရှေ့တွင် ပြည်သူများ ငွေထုတ်ယူနိုင်ရေးအတွက် တန်းစီ နေတာ နေရာတော်တော်များမှာ တွေ့ရပါတယ်။ ဘာကြောင့်လို့ ပြောချင်ပါသလဲ?

ဖြေ။ လတ်တလောဖြစ်ပေါ်နေသောအခြေအနေများကို အခွင့်ကောင်းယူ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာမှုနှင့် စီးပွားရေးတည်ငြိမ်မှုကို မလိုလားသော သတင်းမီဒီယာများ၊အကြမ်းဖက်အုပ်စုများနှင့် ၎င်းတို့ကိုထောက်ခံအားပေးသူများကလူမှုကွန်ယက်စာမျက်နှာများတွင် သတင်းတု၊ သတင်းအမှားများကို လှုံဆော်ရေးသားမှုများအား ဆက်တိုက်ပြုလုပ်နေခဲ့ပြီး၊ ယင်းသတင်းများအနက် နယ်ဘဏ်ခွဲအချို့မှာ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများကအကြမ်းဖက်တိုက်ခိုက်လုယက်ဖျက်ဆီးမှုများကိုအခွင့်ကောင်းယူ၍အဆိုပါသတင်းများကို ဓါတ်ပုံများနှင့်တကွဖော်ပြပြီး ပြည်သူများက ဘဏ်များမှ ငွေများ ထုတ်ယူ၍မရတော့သယောင် သွေးထိုးလှုံဆော်ရေးသားမှုများကြောင့် ပြည်သူများစိုးရိမ်ပူပန်မှုများမြင့်တက်ကာ ဘဏ်များမှငွေများကို လိုသည်ထက်ပို၍ ထုတ်ယူနေခြင်းလို့ ပြောကြားလိုပါတယ်။

၂)မေး။ယခုလတ်တလောအခြေအနေများအရ ဗဟိုဘဏ်အနေဖြင့် ဘဏ်တွေမှာ အများပြည်သူ ငွေသားထုတ်ယူမှုအပေါ် ကန့်သတ်လိုက်ပြီဆိုတာ ဟုတ်ပါသလား?

ဖြေ။ မဟုတ်ပါ။ ပြည်သူတွေရဲ့ အပ်နှံငွေအပေါ် ငွေထုတ်ယူနိုင်ရေးအတွက် ဘဏ်များမှ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှလည်း ပြည်သူမှအပ်နှံထား သည့် ငွေများအဆင်ပြေပြေထုတ်ယူနိုင်ရေးအပေါ် ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။

၃)မေး။Special Account တွေကနေ အချိန်မရွေး ငွေကြိုက်သလောက် ထုတ်ယူနိုင်တယ်လို့ နားလည်ထားပါတယ်။ ဒီရက်ပိုင်း Special Account တွေမှ ငွေထုတ်ယူမှုကန့်သတ် လိုက်ကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ မှန်ပါသလား? မြေပြင်မှာ ငွေသွား ထုတ်တဲ့အခါမှာ တန်းစီနေပြီး ကိုယ့်အလှည့်ရောက်သည့်အခါမှာ လိုချင်သလောက်မရ တော့ခြင်း၊ နောက်ရက်မှလာထုတ်ရန် ထပ်မံချိန်းဆိုခြင်းများ ကြုံတွေ့နေရသည့်အပေါ် ဘာများပြောချင်ပါသလဲ?

ဖြေ။ အပ်နှံငွေရဲ့အနေအထားအရ New Account (Special Account) ဆိုပါက ငွေသား ထည့်သွင်းခဲ့သည့်ပမာဏအတိုင်း ငွေသားထည့်သွင်းခဲ့သည့် ဘဏ်များမှာ ပြန်လည် ထုတ်ယူနိုင်ပါတယ်။ ငွေထုတ်ယူသူများပါက ဘဏ်အနေဖြင့် ၎င်းတို့၏ ငွေသိုလှောင်ခန်း အကျယ်အဝန်းပေါ်မူတည်၍ ငွေသားများ ထားရှိရသည့်အတွက် ထုတ်ပေးရန် ငွေပမာဏ များကို စီစဉ်ဖို့လိုအပ်တာကြောင့် မိမိငွေထုတ်ယူလိုသည့်ပမာဏကို ဘဏ်သို့ ကြိုတင် အသိပေး အကြောင်းကြားထားရင် အဆင်ပြေမှာ ဖြစ်ပါတယ်။

၄)မေး။မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ ငွေထုတ်ကန့်သတ်ချက် မထားရှိဘဲ ငွေသားထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ပါရှိပေမယ့် လက်တွေ့သွားရောက်ထုတ်ယူသည့်အခါတွင် အချို့ပုဂ္ဂလိကဘဏ်တွေမှာ ကန့်သတ်ချက် တွေရှိနေလို့ ဒီအပေါ်မှာ ဘာများပြောကြားလိုပါသလဲ?

ဖြေ။ အများပြည်သူအနေဖြင့် မိမိအပ်နှံထားသည့် အပ်နှံငွေအမျိုးအစားပေါ် မူတည်ပြီး ဘဏ်မှ ငွေထုတ်ယူရာမှာ ကွဲပြားမှုများ ရှိနိုင်ပါတယ်။ Special Account ဆိုပါက မိမိငွေသား ထည့်သွင်းခဲ့သည့် ပမာဏအတိုင်း ငွေသားထုတ်ယူနိုင်ပါတယ်။ ငွေစုဘဏ်စာရင်း (Saving Account) ဆိုပါက တစ်ပတ်တစ်ကြိမ် ငွေထုတ်ယူမှု ဆောင်ရွက်နိုင်မှာဖြစ် ပါတယ်။ စာရင်းသေအပ်ငွေ (Fixed Deposit) ဖြစ်ပါက သက်တမ်းပြည့်မည့် အချိန်မှသာ ငွေထုတ်ယူနိုင်မှာဖြစ်ပါတယ်။ Saving Account အပါအဝင် အပ်ငွေစာရင်းအဟောင်းများ နှင့်ပတ်သက်၍ ဘဏ်များမှ ငွေထုတ်ယူရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် ငွေသားစီမံခန့်ခွဲမှု အဆင်ပြေစေရေး အစီအစဉ်သတ်မှတ်ချက် ပါအတိုင်း ငွေသားထုတ်ယူမှုအပြင် ပြည်သူများအနေဖြင့် ဒစ်ဂျစ်တယ်နည်းလမ်းများဖြစ် သောမိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်းများ၊ Account Transfer များ ဖြင့်ဘဏ်ဝန်ဆောင်မှုများအား အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပါတယ်။

၅)မေး။ပြည်တွင်း/ပြည်ပမီဒီယာများနှင့် လူမှုကွန်ယက်များတွင် သွေးထိုးလှုံဆော်မှုနှင့် ဝိသမ လောဘသားများ၏ ကိုယ်ကျိုးစီးပွားရှာသွေးထိုးမှုများကြောင့် ပုံမှန်ပြန်လည်လည်ပတ် နေသည့် ဘဏ်တွေမှာ ပြည်သူတွေ စိုးရိမ်တကြီး ငွေတွေထုတ်ပါတယ်။ ဘဏ်တွေ မပြိုလဲဖို့နှင့် ပြည်သူတွေရဲ့ အပ်နှံငွေတွေ မဆုံးရှုံးစေဖို့ ဗဟိုဘဏ်က ဘယ်လိုအာမခံ ချက်တွေ ပေးဖို့ရှိပါသလဲ?

ဖြေ။ ဗဟိုဘဏ်က အပြည့်အဝအာမခံထားပြီးဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ကာလတွင်သာမက ကောလဟလဖြစ်တိုင်း ဗဟိုဘဏ်က ပြည်သူများ၏ အပ်နှံငွေအပေါ် အပြည့်အဝ အာမခံရှိသည်ကို အကြိမ်ကြိမ် ပြောကြားခဲ့ပါကြောင်း၊ ဘဏ်များက အဆိုပါအပ်နှံငွေများ ပြန်လည်ထုတ်ပေးနိုင်ရန် ဗဟိုဘဏ်၌ အနည်းဆုံးထားရှိရမည့် သီးသန့်ငွေလိုအပ်ချက်ကို အပ်နှံထားရှိလျက်ရှိရာ လက်ရှိတွင် ဘဏ်များက အနည်းဆုံး လိုအပ်ချက်ထက်ပို၍ ဗဟိုဘဏ်ထံ အပ်နှံထားပါကြောင်း၊ ဒါ့အပြင် ပြည်သူလူထုအား ငွေပြန်လည်ထုတ်ပေးနိုင်ရန် ငွေကြေးလွယ်ကူမှုအချိုးများဖြင့်လည်း စောင့်ကြပ်ထိန်းကျောင်းလျက်ရှိရာ ဘဏ်များ အနေဖြင့် အပ်နှံငွေများ အပြည့်အဝ ပြန်လည်ထုတ်ပေးဖို့ အဆင်သင့်ရှိပါကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ဘဏ်များကိုစောင့်ကြည့်ကြပ်မတ်လျက်ရှိသောကြောင့် ဘဏ်များ အနေဖြင့်လည်းအဆင်ပြေချောမွေ့စွာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆက်လက် ဝန်ဆောင်မှုပေးလျက်ရှိသည့်အတွက် ပြည်သူများ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ပုံမှန်အတိုင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ရန် လိုအပ်ပါတယ်။

၆)မေး။ဘဏ်က ပိုက်ဆံတွေ အလုအယက်ထုတ်အောင် ကောလဟလတွေထုတ်ပြီး ရွှေနှင့် ဒေါ်လာဈေးကို ဆွဲတင်နေတဲ့သူတွေကို ထိထိရောက်ရောက်အရေးယူမည့် အစီအစဉ်များ ရှိပါသလား?

ဖြေ။ ဘဏ်တွေမှာ ငွေကြေးခဝါချမှုဗဟိုအဖွဲ့က သတ်မှတ်ထားသည့် ငွေကြေး ကျပ်သန်း ၁၀၀ ထက်ကျော်လွန်၍ ထုတ်ယူသည့်ပမာဏအားလုံးကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်း ရေးအဖွဲ့ (FIU)ထံ ပေးပို့ရကြောင်း၊ ယခုငွေထုတ်များနေသည့် လူများအားလုံးကို ဗဟိုဘဏ်၊ စစစ၊ FIU တို့က အနီးကပ်ကြီးကြပ်စောင့်ကြည့်နေတာဖြစ်၍ ဈေးကစားမှုများ ပါဝင် ပတ်သက်နေပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပါကြောင်း၊ ဘဏ်တွေထံမှ ပြည်သူတွေ ငွေထုတ်ယူရန် လှုံဆော်ရေးသား၊ ဝါဒဖြန့်နေသူများကိုလည်း ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ထုတ်အရေးယူပြီး ထိရောက် ဟန့်တားသောပြစ်ဒဏ် များချမှတ်နိုင်ရန်တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားလိုပါတယ်။

၇)မေး။ပြည်သူတွေက စိုးရိမ်ပူပန်မှုတွေမြင့်တက်မှုအပေါ် ဗဟိုဘဏ်အနေဖြင့် မည်သည့် သတင်း စကားပါးလိုပါသလဲ?

ဖြေ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေသားသုံးစွဲမှုလျှော့ချပြီး ဒစ်ဂျစ်တယ်ပေးချေမှုများ တိုးတက်စေရန်အတွက် ဒစ်ဂျစ်တယ်ပေးချေမှုနည်းလမ်းများဖြစ်သည့် အီလက်ထရောနစ် ကတ်များဖြင့်လည်းကောင်း၊ ဘဏ်များ၏ မိုဘိုင်းဘဏ်လုပ်ငန်းနှင့် မိုဘိုင်း Pay များ၊ အင်တာနက်ဘဏ်လုပ်ငန်း၊ မိုဘိုင်း Wallet များအသုံးပြု၍ အများပြည်သူအနေဖြင့် ဒစ်ဂျစ်တယ်နည်းလမ်းများ အသုံးပြုပြီး လုံခြုံစိတ်ချသည့် စရိတ်စကသက်သာစွာဖြင့် အကျွမ်းတဝင် ကောင်းမွန်စွာ လည်ပတ်ပြီး ငွေပေးချေမှုပြုလုပ်နိုင်ရန် ပြည်သူများက သုံးစွဲနေပြီး တိုးတက်မှုများလည်း နေ့စဉ် တွေ့ရှိနေရပြီး ဖြစ်ပါတယ်။ ဘဏ်စနစ်ကို ကောင်းမွန်စွာ အသုံးပြုနေသည့် လုပ်ငန်းရှင်ကြီးများနှင့် ကုန်သည်များသာမက ကျေးလက်ဒေသရှိ ပြည်သူများကလည်း (ဥပမာ KBZ Pay) ကို လူကြီးလူငယ်များက အကျွမ်းတဝင် အသုံးပြုနေပြီးဖြစ်ပါတယ်။ လက်ရှိကောလဟလနှင့် ငွေကြေးစနစ်ကို မတည်ငြိမ်အောင် နှောက်ယှက်နေသော အဖျက်မီဒီယာများကြောင့် ပြည်သူများ အနေဖြင့် အဖျက်မီဒီယာများ၏ သွေးထိုးလှုံဆော်မှုများကို ယုံကြည်ပြီး ငွေသားကိုင် ဆောင်မှုကို ပြန်လည်၍ လိုက်ပါရန် မလိုအပ်ပဲ ပုံမှန်အတိုင်း မိမိတို့၏ ဘဏ်စနစ်နှင့် ငွေပေးချေမှုများကို ဆက်လက်သုံးစွဲရန် လိုအပ်ပါတယ်။

ဘဏ်စနစ် ခိုင်မာယုံကြည်မှုရှိရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဆုံးရှုံးနိုင်ခြေ များကို အခြေခံပြီး စောင့်ကြပ်ကြီးကြပ်နေသည့်အတွက် အများပြည်သူ၏ အပ်နှံငွေများ ဆုံးရှုံးမှု မရှိနိုင်ပါကြောင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အပြည့်အဝအာမခံပါကြောင်း၊ ဘဏ်များနှင့် ဗဟိုဘဏ်ထံတွင် ငွေသားအလုံအလောက်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်သည် ဘဏ်ခွဲအချင်းချင်း ချိတ်ဆက်ဝန်ဆောင်မှုပေးသည့် (Core Banking System) အသုံးပြုလျက်ရှိပါတယ်။ ဘဏ်ခွဲတစ်ခုခု၏ ဝန်ဆောင်မှုသည် အကြောင်းအမျိုးမျိုးကြောင့်ရပ်တန့်သွားပါက ပြည်သူများအနေဖြင့် အပ်ငွေများထုတ်ယူ၍ မရတော့သည့်အခြေအနေမျိုး ဖြစ်ပေါ်သွားမည်မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ မည်သည့် ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများရယူနိုင်ပြီး၊ မိမိအပ်နှံထားသည့် အပ်ငွေ အမျိုးအစားအလိုက် ငွေသားထုတ်ယူနိုင်ပါတယ်။

ဘဏ်များတွင် ယုံကြည်စိတ်ချစွာ အပ်နှံထားခြင်းသည် မည်သည့်အခြေအနေ၊ မည်သည့် အချိန်တွင်မဆို မိမိ၏ငွေပင်ဖြစ်ပြီး၊ အဆိုပါငွေများသည် ကိန်းဂဏန်းအတိအကျ၊ ပိုင်ရှင် အမည်အတိအကျဖြင့်ရှိနေကာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တာဝန်ယူမှုနှင့် အကာ အကွယ်ပေးမှုအပြည့်အဝရရှိနေမှာ ဖြစ်ပါတယ်။

ယခင်အတွေ့အကြုံများအရ ကောလဟလများကြောင့် ပြည်သူများက ဘဏ်များမှ ငွေများစုပြုံထုတ်ယူခဲ့မှုအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကကောင်းမွန်စွာစီမံထိန်းကျောင်း နိုင်ခဲ့ပြီး ဘဏ်များ၏ ဝန်ဆောင်မှုများ ကောင်းမွန်စွာ ဆက်လက်လည်ပတ်နိုင်ခဲ့ပါတယ်။
ပြည်သူများ စိုးရိမ်ပူပန်မှုလွန်ကဲပြီး၊ ငွေများကိုလိုသည်ထက်ပိုမိုထုတ်ယူ၍ လက်ဝယ်ထား ရှိခြင်းကြောင့် လုယက်၊ ဓါးပြတိုက်ခြင်းများကို ခံရနိုင်ပြီး မိမိတို့ငွေများဆုံးရှုံးနိုင်သည့် အခြေအနေမျိုး ဖြစ်ပေါ်နိုင်ပါတယ်။

ဘဏ်များ၏ ပြင်ပတွင် ငွေသားများ လိုသည်ထက် ပိုမိုရောက်ရှိလည်ပတ်နေခြင်းအားဖြင့် အိမ်ခြံမြေဈေး၊ ရွှေဈေး၊ငွေဈေးကစားသူများ၏ လှည့်ကွက်တွင် ပါဝင်ခဲ့ပါက ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းများ ဖြစ်ပေါ်လာနိုင်ကာ ပြည်သူလူထုသာလျှင် အခက်အခဲဒုက္ခရောက်နိုင်ပြီး စီးပွားရေး၊ လူမှုရေးတည်ငြိမ်မှုများကို ပျက်ပြားစေနိုင်မှာဖြစ်တဲ့အတွက် အဖျက်သမား များ၏ သတင်းမီဒီယာများက အခြေအမြစ် မရှိရေးသားဖော်ပြနေသည်ကို စဉ်းစားချင့်ချိန် ပြီးပြုမှုဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားလိုပါတယ်။

ယခင်ကလည်း ဘဏ်များထံမှ မိမိငွေများကို ရာခိုင်နှုန်းတစ်ရပ်ပေးပြီး လဲလှယ်ရယူခြင်း များကို ပြန်လည်ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နေ့စဉ် အချိန်နှင့်အမျှ ဘဏ်များ၏ ငွေသွင်း/ငွေထုတ် အပ်နှံငွေအခြေအနေများကို  စောင့်ကြည့်ထိန်းကျောင်းနေတာကြောင့် ပြည်သူလူထု အနေဖြင့် ကောလဟလအပေါ် နားယောင်နေရန် မလိုအပ်ဘဲ ယုံကြည်စွာဖြင့် အများ ပြည်သူအကျိုးကိုကြည့်၍ ပူးပေါင်းဆောင်ရွက်သွားရန် ပြောကြားလိုပါတယ်။

လုံခြုံမှုရှိပြီး လူအများသုံးစွဲနိုင်သည့် ATM များတွင်လည်း ငွေများဖြည့်တင်းပေးထားပြီး ငွေကြေးစနစ်ကို ထိန်းချုပ်ရာတွင်လည်း နိုင်ငံတကာနည်းတူ စည်းမျဉ်းစည်းကမ်းအတိုင်း အသေးသုံးငွေများအား ATM များတွင် သတ်မှတ်ပမာဏအတိုင်း ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်လည်းကောင်း၊ပြည်တွင်သုံးကတ်စနစ်ဖြင့်လည်းကောင်း၊ CBM Net System ဖြင့် တစ်ဘဏ်မှ တစ်ဘဏ် ကန့်သတ်ချက်မရှိဘဲ လွတ်လပ်စွာ ငွေလွှဲပြောင်းနိုင်ပြီး ပြည်သူများမှ Account Transfer နည်းများဖြင့်လည်းကောင်း ငွေပေးချေမှုနည်းလမ်းများကို အကန့်အသတ်မရှိအသုံးပြုနိုင်မှာဖြစ်ပါတယ်။

၈) မေး။ လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်တွေမှာ ဘဏ်အချို့ကို ဝင်ရောက် တိုက်ခိုက်ပြီး ငွေကြေးကို လက်နက်ကိုင်အဖွဲ့အစည်းအချို့က သိမ်းသွားတာမျိုးရှိတယ်။ ဒီဖြစ်စဉ်မှာ ဆုံးရှုံးသွားတဲ့ ငွေကြေးတွေနဲ့ပတ်သက်ပြီး ဘယ်လိုစီမံဆောင်ရွက်သွားဖို့ရှိ ပါသလဲ?

ဖြေ။ အဲဒီဖြစ်စဉ်မှာပါရှိတဲ့ ဘဏ်များ၏ Customer များက မိမိတို့ ငွေကြေးများကို အထောက် အထားများဖြင့် တင်ပြလာပါက ဘဏ်များအနေဖြင့် ထုတ်ပေးနိုင်ရန် စီမံဆောင်ရွက်ထား ရှိကြောင်းပြောကြားလိုပါတယ်။ ဘဏ်များတွင်လည်း ၎င်းတို့၏ Customer များ၏ စာရင်းများသိမ်းဆည်းထားပြီးဖြစ်၍ ဘဏ်များ၏ မည်သည့်ဘဏ်ခွဲမဆို တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။
 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Banking & Loan Read 496 times