အတိုးနှုန်း (၅) ရာခိုင်နှုန်းဖြင့် ချေးယူနိုင်မည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ


25 October, 2023

ပြည်တွင်းရှိ ဆီစက်ကြီးငယ်များအနေဖြင့် လုပ်ငန်းလည်ပတ်ရန်နှင့် လုပ်ငန်းတိုးချဲ့နိုင်ရန်အတွက် နိုင်ငံတော်က မတည်ပေးသည့် ရန်ပုံငွေဖြင့် တစ်နှစ်လျှင် အတိုးနှုန်း (၅) ရာခိုင်နှုန်းဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေများကို ထုတ်ချေးပေးလျက် ရှိသည်။

 

နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေး မူဝါဒများနှင့်အညီ ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ပြည်ပမှ စားသုံးဆီ ဝယ်ယူ တင်သွင်းရမှုကို လျှော့ချနိုင်ရေးတို့အတွက် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျက် ရှိသည့်နည်းတူ ယခုကဲ့သို့ ချေးငွေများ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

ဆီစက်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့သို့ ဆက်သွယ်၍ ချေးငွေ လျှောက်ထားနိုင်မည် ဖြစ်သည်။

 

အဆိုပါ လုပ်ငန်းအဖွဲ့၏ (၄/၂၀၂၃-၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာ (၂၄) ရက်နေ့က ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် အတိုးနှုန်း သက်သာမှုရှိသော ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအကြောင်းကို ရှင်းပြခဲ့သည်။ 

 

ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်ချေးပေးလျက် ရှိပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအထိ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး ပြည်နယ် (၇) ခုမှ လုပ်ငန်းရှင် (၂၁) ဦးသို့ ချေးငွေ ကျပ် (၁,၇၇၃) သန်း ထုတ်ချေးပေးခဲ့ပြီး ဖြစ်သည်။ 

 

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ ဒုတိယအကြိမ် အဆိုပြုလွှာများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ (၂၄) ရက်တွင် ထပ်မံခေါ်ယူထားပြီး ချေးငွေစံသတ်မှတ်ချက်များနှင့် ကိုက်ညီသော လုပ်ငန်းရှင်များသို့ ဆီစက် လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို ဆက်လက် ထုတ်ချေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ချေးငွေထုတ်ချေးပြီး အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် ကိစ္စများ၊ အထောက်အကူပြုအဖွဲ့ ခေါင်းဆောင်များက သက်ဆိုင်ရာ အဖွဲ့အလိုက် ဆောင်ရွက်နေမှုများ၊ Project Managemerit Unit ၏ စီမံကိန်းဒါရိုက်တာက ချေးငွေအမှုတွဲများ စိစစ်ပြီးစီးမှု အခြေအနေများ ရှင်းလင်းတင်ပြခဲ့ကြသည်။

 

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ UMFCCI နှင့် မြန်မာနိုင်ငံဘဏ်များ အသင်းတို့မှ တဝန်ရှိသူများ တက် ရောက်ခဲ့ကြသည်။

Banking & Loan Read 294 times