ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ဒေါ်လာ (၁၈၅) သန်းချေးယူ

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ဒေါ်လာ (၁၈၅) သန်းချေးယူ google

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ (၁၈၅) သန်းချေးယူကာ အဆိုပါချေးငွေဖြင့် ပြည်နယ်/ တိုင်းဒေသကြီး လေးခုရှိ ကျေးလက်နေပြည်သူ (၁.၈) သန်းကျော်အတွက် ဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရပါတယ်။

အဆိုပါစီမံကိန်းများ အကောင်အထည်ဖော်ရန်ကိစ္စအတွက် စက်တင်ဘာ (၉) ရက်က ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

တုန့်ပြန်နိုင်စွမ်းအားကောင်းတဲ့ လူထုဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ရန်ဖြစ်ကြောင်း၊ အဓိကရည်ရွယ်ချက်မှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားလာစေပြီး လူနေမှုအဆင့်အတန်းမြင့်မားလာမှုနဲ့အတူ သဘာဝဘေးအန္တရာယ်များကိုပါ ရင်ဆိုင်တုန့်ပြန်နိုင်စွမ်းရှိလာစေဖို့ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားပါတယ်။

Agricultural Machinery Tools (စိုက်ပျိုးရေးဆိုင်ရာစက်ယန္တရားပစ္စည်းများကို ရှာရန် နှိပ်ပါ)

အထက်ပါစီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော်သွားမှာဖြစ်ပြီး ချင်းပြည်နယ်မှာ ဟားခါး၊ ဖလမ်း၊ တီးတိန်နဲ့ ထန်တလန်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ ကလေးဝ၊ မော်လိုက်၊ မင်းကင်းနဲ့ ဖောင်းပြင်မြို့နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးမှာ သရက်ချောင်း၊ ရေဖြူ၊ လောင်းလုံမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာမြို့နယ် စုစုပေါင်း (၁၇) မြို့နယ်ရှိ ကျေးရွာပေါင်း သုံးထောင်နီးပါးမှာ ကာလအပိုင်းအခြားအလိုက် အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း ပြောထားပါတယ်။

စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပညာရှင်များက ပဏာမစူးစမ်းလေ့လာမှုကို ၂၀၁၈ ခုနှစ်က တစ်နှစ်ကြာလုပ်ခဲ့ပြီး စီမံကိန်း ဒီဇိုင်းရေးဆွဲကာ ဒီဇိုင်းအရ စီမံကိန်းကုန်ကျစရိတ် ကန်ဒေါ်လာ (၂၄၄.၉၅) သန်းဖြစ်ပြီး ၂၀၂၀ မှ ၂၀၂၆ အထိ စီမံကိန်းဆောင်ရွက်ရန် ရည်မှန်းကြောင်း ပြောထားပါတယ်။

စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အတိုးနှုန်းသက်သာသော ချေးငွေ ကန်ဒေါ်လာ (၁၈၅) သန်းနဲ့ ထောက်ပံ့ငွေ ကန်ဒေါ်လာ (၁၀) သန်းအပြင် ဥရောပသမဂ္ဂထောက်ပံ့ငွေ ကန်ဒေါ်လာ (၂၇.၅၈) သန်း၊ ဂျပန်အစိုးရထောက်ပံ့ငွေ ကန်ဒေါ်လာ (၃) သန်း၊ မြန်မာအစိုးရရဲ့ ထည့်ဝင်ငွေ (In Kind) ကန်ဒေါ်လာ (၁၉.၃၇) သန်း စုစုပေါင်း ချေးငွေ ကန်ဒေါ်လာ (၁၈၅) သန်း၊ ထောက်ပံ့ငွေ (၄၀.၅၈) သန်းနဲ့ In Kind ထည့်ဝင်မှု ကန်ဒေါ်လာ (၁၉.၃၇) သန်းဖြင့် အကောင်အထည်ဖော်မှာဖြစ်ကြောင်း သိရပါတယ်။

 

Read More >>> ရန်ကုန်တိုင်းအတွင်းရှိ SMEs လုပ်ငန်းများကို ချေးငွေထုတ်ချေးပေးရန် စီစဉ်လျက်ရှိ

ချေးငွေသက်တမ်းမှာ (၃၂) နှစ်ဖြစ်ပြီး ဆိုင်းငံ့ကာလ ရှစ်နှစ်နဲ့ ပြန်ဆပ်ကာလ (၂၄) နှစ်ဖြစ်ပြီး ဆိုင်းငံ့ကာလအတွင်း ချေးငွေအတွက် အတိုးနှုန်းဟာ (၁) % ဖြစ်တာကြောင့် တစ်နှစ်လျှင် ကန်ဒေါ်လာ (၁.၈၅) သန်း ပြန်လည်ပေးဆပ်ရမှာဖြစ်ပြီး ပြန်ဆပ်ကာလရောက်လျှင်မူ အတိုးအရင်းပေါင်း (၁၀.၁၄၅) သန်းခန့်ကို နှစ်စဉ် ပြန်လည်ပေးဆပ်သွားရမှာဖြစ်ကြောင်း သိရပါတယ်။

 

Source: iMyanmarHouse
Myanmar Industry Directory

Read times
Rate this item
(0 votes)