အိန္ဒိယကုန်သည်များ ဈေးကစားခြင်းကြောင့် မတ်ပဲနှင့် ပဲစင်းငုံ (၁၀) ရာခိုင်နှုန်းခန့်ကျဆင်း

အိန္ဒိယကုန်သည်များ ဈေးကစားခြင်းကြောင့် မတ်ပဲနှင့် ပဲစင်းငုံ (၁၀) ရာခိုင်နှုန်းခန့်ကျဆင်း google

အိန္ဒိယအစိုးရရဲ့ သွင်းကုန်မူဝါဒပေါ် မူတည်ပြီး ကုန်သည်များရဲ့ ဈေးကစားမှုကြောင့် နှစ်ပတ်အတွင်း ပြည်တွင်းဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံဈေးနှုန်း (၁၀) ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက ဈေးထိန်းပြီး အဝယ်လျှော့ချိန်မှာ ပြည်တွင်း ရောင်းလိုအားများနေတဲ့အတွက် ဈေးကျဆင်းခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောပါတယ်။ ဇူလိုင်အတွင်း အိန္ဒိယကုန်သည်များက မတ်ပဲတစ်တန်ကို အမေရိကန်ဒေါ်လာ (၅၅၀) ခန်နဲ့ ဈေးရခဲ့ပေမယ့်လည်း သြဂုတ် (၁၀) ရက်က တစ်တန်ကို ဒေါ်လာ (၄၉၀) ထိ ကျဆင်းခြင်းဖြစ်ပါတယ်။

ဒါ့အတူ ပဲစင်းငုံဈေးက တစ်တန်ကို ဒေါ်လာ (၆၈၀) မှ (၆၂၀) သို့ ကျဆင်းနေပါတယ်။ဆောင်းရာသီသီးနှံအဖြစ် ဧရာဝတီတိုင်း လယ်မြေအများစု၊ ပဲခူးတိုင်းဒေသအချို့မှာ စိုက်ပျိုးတဲ့ မတ်ပဲနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မိုးသီးနှံအဖြစ် စိုက်ပျိုးတဲ့ ပဲစင်းငုံတွေရဲ့ အဓိကဈေးကွက်ဟာ အိန္ဒိယနိုင်ငံဖြစ်နေပါတယ်။

ဒါ့ကြောင့် အိန္ဒိယကုန်သည်များက ဝယ်ယူမှုနဲ့ ဈေးနှုန်းကို အပြောင်းအလဲ ပြုလုပ်လေ့ရှိပြီး အိန္ဒိယအစိုးရရဲ့ ပဲတင်သွင်းမှု မူဝါဒအပြောင်းအလဲရှိရင် မြန်မာ့မတ်ပဲနဲ့ ပဲစင်းငုံဈေးနှုန်း ပိုမိုလှုပ်ခတ်လေ့ရှိကြောင်း ပဲ၊ နှမ်းကုန်သည်အသင်းတာဝန်ရှိသူက ပြောပါတယ်။

ရာသီဥတုကြောင့် မတ်ပဲနဲ့ ပဲစင်းငုံလိုအပ်ချက် အိန္ဒိယမှာ ရှိပေမယ့်လည်း သွင်းကုန်မူဝါဒကို ထိန်းချုပ်ပြီး လိုသလို အပြောင်းအလဲပြုလုပ်ခြင်းကြောင့် အနာဂတ်ဈေးကွက်အခြေအနေကို မြန်မာဘက်က ခန့်မှန်းရန်ခက်နေကြောင်း ဦးမင်းကိုဦးက ဆိုပါတယ်။

လက်ရှိ အိန္ဒိယအစိုးရက မတ်ပဲတန်ချိန် တစ်သိန်းခွဲ၊ ပဲစင်းငုံ တန်ချိန်လေးသိန်း တင်သွင်းခွင့်ပြုထားပြီး ကုမ္ပဏီတစ်ထောင်ကျော်သို့ သွင်းကုန်လိုင်စင်များ ချပေးထားပါတယ်။ ဒါပေမယ့် ကုမ္ပဏီတစ်ခုကို မတ်ပဲနဲ့ ပဲစင်းငုံနှစ်ခုပေါင်း တန်ချိန် (၃၀၀) ခန့်သာ တင်သွင်းခွင့်ရရှိထားခြင်းကြောင့် အိန္ဒိယကုမ္ပဏီများက အဝယ်ကို ထိန်းသဖြင့် မြန်မာပြည်တွင်းဈေးလည်း ကျဆင်းလာခြင်းဖြစ်ပါတယ်။

ပြည်တွင်းဈေးကွက်မှာ မတ်ပဲတစ်တန်ကို ကျပ် ရှစ်သိန်းခြောက်သောင်းမှ ခုနစ်သိန်းခုနစ်သောင်း၊ ပဲစင်းငုံတစ်တန်ကို ကျပ် (၁၀) သိန်းခန့်မှ ကိုးသိန်းနှစ်သောင်းသို့ ကျဆင်းနေခြင်းဖြစ်ပါတယ်။ အိန္ဒိယအစိုးရက ပဲတင်သွင်းခွင့်မူဝါဒကို ပါးနပ်စွာ ကိုင်တွယ်ကစားနေခြင်းကြောင့် ပြည်တွင်းပဲကုန်သည်များ အခက်အခဲတွေ့ရတယ်လို့ တောင်တွင်းကြီးမြို့နယ်မှ ကုန်သည် ဦးပြူးက ပြောပါတယ်။

 

Source: 7day daily
Myanmar Industry Directory

Read times
Rate this item
(0 votes)