ဂျပန်ကုမ္ပဏီအများအပြား သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာ

ဂျပန်ကုမ္ပဏီအများအပြား သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာ google

တိုယိုတာမော်တော်ကားကုမ္ပဏီမှ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ပြီးနောက်ပိုင်း သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီ အများအပြားရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr Ichiro Maruyama က ပြောကြားပါတယ်။

“သီလဝါအထူးစီးပွားရေးဇုန်က အင်မတန်အောင်မြင်နေတဲ့ စီးပွားရေးဇုန်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အခု တိုယိုတာမော်တော်ကားကုမ္ပဏီက သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ပြီးပြီ။ နောက်ထပ် သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေ အများအပြားရှိနေပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr Ichiro Maruyama က ဇွန် ( ၂၂ ) ရက်က ပြောခဲ့ပါတယ်။

တိုယိုတာက ဒေါ်လာ ( ၅၂.၆ ) သန်း ရင်းနှီးမြှုပ်နှံကာ သီလဝါအထူးစီးပွားရေးဇုန်မှာ စက်ရုံတည်ဆောက်ပြီး ၂၀၂၁ ခုနှစ်မှ စတင်ကာ တစ်နှစ်ကို Toyota Hilux အစီးရေ ( ၂၅၀၀ ) အား SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်သွားမှာဖြစ်ကြောင်း တိုယိုတာမော်တော်ကော်ပိုရေးရှင်းမှ မေ ( ၃၀ ) ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှတဆင့် သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုယိုတာမော်တော်ကော်ပိုရေးရှင်း ( တိုယိုတာ) အနေနဲ့ မြန်မာနိုင်ငံမှာ ပထမဦးဆုံး မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းဖြစ်တဲ့ တိုယိုတာမြန်မာကုမ္ပဏီလီမိတက် (Toyota Myanmar Co.,Ltd TMY ) ကို ဖွဲ့စည်းတည်ထောင်ကာ ပြည်တွင်းမှာ Toyota Hilux အမျိုးအစားမော်တော်ယာဉ်များအား တပ်ဆင်ထုတ်လုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

 

တိုယိုတာအနေနဲ့ အခုလက်ရှိ Toyota Hilux ,Vios, Rush နဲ့ အခြားအမျိုးအစားယာဉ်များ တင်သွင်းရောင်းချလျက်ရှိပြီး ၂၀၁၉ ခုနှစ် ဇွန်လမှာ တိုယိုတာမြန်မာ (TMY) ကို တည်ထောင်ကာ ပြည်တွင်းဝယ်ယူအားပေးကြသူများအနေနဲ့ တိုယိုတာမော်တော်ယာဉ်များအား ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်ခွင့်ရစေရန်အတွက် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

ဆူဇူကီးမော်တော်ကားကုမ္ပဏီမှ သီလဝါအထူးစီးပွားရေးဇုန်မှာ မော်တော်ယာဉ်ထုတ်လုပ်တဲ့ စက်ရုံကို လာရောက်ရင်းနှီးမြှုပ်နှံထားပြီး ကားသစ်များကို၂၀၁၈ ဇန်နဝါရီမှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။

လက်ရှိ တောင်ဒဂုံစက်မှုဇုန်နဲ့ သီလဝါစက်မှုဇုန်ရှိ မော်တော်ယာဉ်စက်ရုံတို့မှ ၂၀၁၈ ခုနှစ်အတွင်း မော်တော်ယာဉ်အစီးရေ ( ၁၁၆၉၁ ) စီး ထုတ်လုပ်ရောင်းချပြီးဖြစ်ကြောင်း သိရပါတယ်။

 

Source: Eleven Media
Myanmar Industrial Directory

Read times
Rate this item
(1 Vote)