SME လုပ်ငန်းရှင်များ ချေးငွေရရှိရေး ဖြေလျှော့မှုများပြုလုပ်နိုင်ရန် စီစဉ်

SME လုပ်ငန်းရှင်များ ချေးငွေရရှိရေး ဖြေလျှော့မှုများပြုလုပ်နိုင်ရန် စီစဉ် google

စက်မှုဝန်ကြီးဌာနမှ အသေးစား၊ အငယ်စားနဲ့ အလတ်စား ( SME ) လုပ်ငန်းများ ချေးငွေရရှိရေး ဖြေလျှော့ပေးရန် စီစဉ်နေကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောပါတယ်။

စက်မှုဝန်ကြီးဌာနမှာ SME Member ဝင်ရောက်ပြီးတဲ့ လုပ်ငန်းအရေအတွက် စုစုပေါင်း ( ၇၃,၀၈၅ ) ခုရှိတဲ့အနက် လုပ်ငန်းရှင် ( ၂,၂၀၇ ) ဦးကိုသာ ချေးငွေထုတ်ချေးနိုင်တဲ့အတွက် ချေးငွေရရှိမှုအနေဖြင့် လွန်စွာနည်းပါးနေတာကို စိစစ်တွေ့ရှိရကြောင်း ဦးခင်မောင်ချိုက ပြောပါတယ်။

ဒါ့ကြောင့် အသေးစား၊ အငယ်စားနဲ့ အလတ်စား ( SME ) လုပ်ငန်းများ ချေးငွေရရှိရေးအတွက် ဖြေလျှော့မှုများပြုလုပ်ရန် ဇွန်လ ၂၁ ရက်က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် ( ၃၀ ) မှာ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

အဆိုပါအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ချေးငွေပံ့ပိုးပေးတဲ့ အစီအစဉ်တွေမှာ မည်သည့်အချက်များ လိုအပ်နေသည်ကို သုံးသပ်ရန်လိုကြောင်း၊ တစ်ဖက်ကလည်း ချေးငွေများ ရယူနိုင်ရန်အတွက် လုပ်ငန်းရှင်များ တွေ့ကြုံနေရတဲ့ အခက်အခဲများကိုလည်း လေ့လာပြီး ဝိုင်းဝန်ကူညီ ဖြေရှင်းပေးရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။

SME များအတွက် JICA SME Two Step Loan ချေးငွေ၊ Credit Guarantee Insurance (CGI) ချေးငွေ၊ မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ချေးတဲ့ SME ချေးငွေ၊ ဂျာမနီဖွံ့ဖြိုးရေးဘဏ်မှ ထောက်ပံ့တဲ့ KFW ချေးငွေနဲ့ ဒိန်းမတ်နိုင်ငံမှ တာဝန်ယူမှုရှိတဲ့ မြန်မာ SME လုပ်ငန်းများအတွက် Responsible Business Fund (RBF) တို့မှ ချေးငွေထုတ်ပေးနေခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေအဖြစ် တစ်ရာသီ နှစ်ချင်းဆပ်ချေးငွေ (Seasonal Loan ) နဲ့ JICA Agricultural Pro-duction Two Step Loan များ ထုတ်ချေးပေးနေပါတယ်။

အခုလို နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးလျက်ရှိတဲ့ ချေးငွေအမျိုးအစားများစွာရှိပေမယ့်လည်း SME လုပ်ငန်းရှင်များအနေနဲ့ ဘဏ်က တောင်းဆိုတဲ့ စာရွက်စာတမ်း အထောက်အထားများကို ပြည့်စုံစွာ မတင်ပြနိုင်ခြင်း၊ ငွေလျှောက်ထားတဲ့အခါ အပေါင်ပစ္စည်းမတင်ပြနိုင်ခြင်း၊ ချေးငွေပမာဏ လုံလောက်မှုမရှိခြင်း စတဲ့ အခက်အခဲပေါင်းများစွာကို SME လုပ်ငန်းရှင်များနဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်များ ကြုံတွေ့နေရတယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

SME လုပ်ငန်းရှင်များနဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်များ ကြုံတွေ့နေရတဲ့ အခြေအနေများ၊ ဘဏ်များရဲ့ ငွေရေးကြေးရေး စည်းမျဉ်းစည်းကမ်းများကို လျှော့ပေါ့ပေးနိုင်မယ့် အခြေအနေများ၊ သက်ဆိုင်ရာဌာနများနဲ့ ဘဏ်များမှ ဆောင်ရွက်ပေးနိုင်မယ့် အခြေအနေများကို သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူတို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

Source: SME Development Department
Myanmar Industrial Directory

Read times Last modified on Monday, 24 June 2019 17:32
Rate this item
(0 votes)