Local News



ကိုရီးယား-မြန်မာ ပူးပေါင်း၍ အလုပ်အကိုင်တစ်သိန်းအထိ ဖန်တီးပေးနိုင်မည့် စက်မှုဇုန်ဖော်ဆောင်မည်

ကိုရီးယား-မြန်မာ ပူးပေါင်း၍ အလုပ်အကိုင်တစ်သိန်းအထိ ဖန်တီးပေးနိုင်မည့် စက်မှုဇုန်ဖော်ဆောင်မည် google

တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့ အကျိုးတူပူးပေါင်းပြီး အလုပ်အကိုင်အခွင့်အလမ်း ငါးသောင်းမှ တစ်သိန်းအထိ ဖန်တီးပေးနိုင်မယ့် စက်မှုဇုန်ကြီးတစ်ခုကို ထူထောင်သွားမယ်လို့ သြဂုတ်လ (၇) ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။

အဆိုပါစက်မှုဇုန် (Korea Myanmar Industrial Complex –KMIC) အတွက် ဖက်စပ်လုပ်ငန်း သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ သြဂုတ်လ (၇) ရက်နေ့က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

၎င်းစက်မှုဇုန်ကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ (၅၅၅) ဧကကျော်ကျယ်ဝန်းတဲ့ ညောင်နှစ်ပင်သင်တန်းကျောင်းမြေနေရာမှာ အကောင်အထည်ဖော်မှာဖြစ်ပြီး ၎င်းစီမံကိန်းကို လာမယ့် ၂၀၂၅ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ၎င်းစီမံကိန်းပြီးစီးပါက ကိုရီးယားနိုင်ငံမှ စက်မှုလက်မှုလုပ်ငန်းများ အလုံးအရင်းနဲ့ ဝင်ရောက်လာမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါတယ်။

၎င်းစက်မှုဇုန်ထူထောင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာလည်း ဖန်တီးပေးနိုင်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စက်မှုကဏ္ဍ၊ နိုင်ငံခြားပို့ကုန်ကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍတွေကို မြှင့်တင်ပေးနိုင်ပြီး လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ကြီးမားတဲ့အထောက်အပံ့များ ဖြစ်စေမယ်လို့ ယုံကြည်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောပါတယ်။

ဒါ့အပြင် စက်မှုဇုန်ကိုအခြေပြုပြီး မြန်မာနိုင်ငံရဲ့ မြို့ပြအိမ်ရာကဏ္ဍကိုလည်း ဖွံ့ဖြိုးလာစေမယ်လို့ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောပါတယ်။ စက်မှုဇုန်တည်ထောင်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ကိုရီးယားနိုင်ငံမှ KOREA LAND & HOUSING Corporation ၊ Global Sae-A Co.,Ltd တို့ ပူးပေါင်းအကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

စီမံကိန်းမှာ အသေးစား၊ အလတ်စားနဲ့ အကြီးစားစက်မှုလုပ်ငန်းများသာမက One Stop Service အလုပ်သမားသင်တန်းကျောင်းနဲ့ ဝန်ထမ်းအိမ်ရာ၊ ပန်းခြံနဲ့ ရေဆိုးသန့်စင်စက်ရုံ၊ စီမံခန့်ခွဲရေးရုံးနဲ့ အခြား စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုဇုန်များလည်း ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

 

Source: Myanmar Times
Myanmar Industry Directory

Read times
Rate this item
(1 Vote)