Local News



လျှပ်စစ်မီတာခနှုန်းထားအသစ်ကို လူတစ်ဦးချင်းစီရဲ့ ဝင်ငွေအပေါ် အခြေခံတွက်ချက်ထား

လျှပ်စစ်မီတာခနှုန်းထားအသစ်ကို လူတစ်ဦးချင်းစီရဲ့ ဝင်ငွေအပေါ် အခြေခံတွက်ချက်ထား google

လူတန်းစားအလွှာပေါင်းစုံမှ လူတစ်ဦးချင်းစီရဲ့ ဝင်ငွေအပေါ် အခြေခံပြီး လျှပ်စစ်မီတာခနှုန်းထားသစ်ကို ကောက်ခံဖို့ ပြင်ဆင်ထားပေမယ့် အချိန်ကာလတစ်ခုကို စောင့်ဆိုင်းနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောပါတယ်။

‘‘အခြေခံကျတဲ့ လူတန်းစားကို အခြေခံကျတဲ့အလျောက်၊ လူလတ်တန်းစားကို လူလတ်တန်းစားအလျောက်၊ အထက်တန်းစားကို အထက်တန်းစားအလျောက် သူ့ရဲ့ ပေးနိုင်စွမ်းအား တစ်ဦးချင်းရဲ့ဝင်ငွေ။ ဒါတွေကို အခြေခံပြီး ကျွန်တော်တို့ပြောင်းလဲလုပ်ပေးပါမယ်’’ လို့ ဇွန်လ ၁၄ ရက်နေ့က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ဦးစိုးမြင့်က ပြောပါတယ်။

လျှပ်စစ်ဓာတ်အားနှုန်းထား ပြောင်းလဲမှုကြောင့် ပြည်သူလူထု ထိခိုက်မှာကို မလိုလားတာကြောင့် အချိန်ကာလတစ်ခု စောင့်ဆိုင်းခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြပါတယ်။

‘‘အခုဆို အချိန်ပိုင်းအလိုက် မီးအားတွေ၊ ဝန်အားတွေလျော့တယ်။ ထုတ်လုပ်မှုစွမ်းအား အပြည့်အဝ မထုတ်ပေးနိုင်လို့ဖြစ်တယ်။ ဘာကြောင့် မထုတ်ပေးနိုင်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံအနေအထားအရ၊ ဖြစ်ပေါ်နေတဲ့ ရန်ပုံငွေဘတ်ဂျက် အနေအထားအရ ဖြစ်တယ်’’ လို့ ၎င်းကပြောပါတယ်။

ပြောင်းလဲပြင်ဆင်သတ်မှတ်မယ့် လျှပ်စစ်ဓာတ်အားနှုန်းထားကို ၂၀၁၉ မကုန်မီ ကြေညာနိုင်ဖွယ်ရှိပြီး လက်ရှိလုပ်ဆောင်နေတာ ရာခိုင်နှုန်းတော်တော်များများ ပြီးစီးနေတဲ့အတွက် အဆင်သင့်ဖြစ်နိုင်တဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဓာတ်အားတစ်ယူနစ် ထုတ်လုပ်စရိတ်မှာ ကျပ် ( ၁၀၀ ) ခန့်ရှိပြီး ပြည်သူများအား ပြန်လည်ရောင်းချတဲ့အခါ တစ်ယူနစ်ကို ကျပ် ( ၅၀ ) ၊ ( ၃၅ ) ကျပ်နဲ့ ရောင်းချနေရတာကြောင့် နှစ်စဉ် အစိုးရဘတ်ဂျက်ထဲမှ စိုက်ထုတ်သုံးစွဲနေရတယ်လှို့ သိရပါတယ်။

 

လက်ရှိ ဓာတ်အားခဈေးနှုန်းများကို အိမ်သုံးတစ်ယူနစ်လျှင် အနိမ့်ဆုံး ( ၃၅ ) ကျပ်မှ အမြင့်ဆုံး ကျပ် ( ၅၀ ) နှုန်း၊ စီးပွားရေး၊ စက်မှုလုပ်ငန်းသုံးအတွက် တစ်ယူနစ်လျှင် အနိမ့်ဆုံးကျပ် ( ၅၀ ) မှ အမြင့်ဆုံး ကျပ် ( ၁၅၀ ) အထိ သတ်မှတ် ကောက်ခံနေပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ် လျှပ်စစ်မီးသုံးစွဲမှုက ( ၁၅ ) ရာခိုင်နှုန်း တိုးတက်လျက်ရှိပြီး၊ ရန်ကုန်တိုင်းတစ်ခုတည်းရဲ့ လျှပ်စစ်သုံးစွဲမှုက စုစုပေါင်း ထုတ်လုပ်မှုရဲ့ ထက်ဝက်ကျော် (တနေ့လျှင် ၁၂၀၀ မှ ၁၄၀၀ မီဂ္ဂါဝပ် အတွင်း) ရှိနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။ ဒါ့ကြောင့် လက်ရှိအသုံးပြုနေတဲ့ မီတာခနှုန်းထားကို ပြောင်းလဲကောက်ခံရခြင်းဖြစ်ပါတယ်။

၂၀၁၇ - ၁၈ ဘဏ္ဍာနှစ်မှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းမှ ကျပ်ဘီလီယံ ( ၅၀၀ ) ခန့် အရှုံးပေါ်ပြီး ၂၀၁၈ - ၁၉ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလီယံ ( ၆၀၀ ) ကျော် အရှုံးပေါ်မယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

 

Source: 7Day Daily
Myanmar Industrial Directory

Read times Last modified on Saturday, 15 June 2019 15:16
Rate this item
(0 votes)