Local News



လာမည့်နှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ကိုင်ရ လွယ်ကူမှုအဆင့် တက်နိုင်ချေရှိ

လာမည့်နှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ကိုင်ရ လွယ်ကူမှုအဆင့် တက်နိုင်ချေရှိ google

လာမည့်နှစ် ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ စီးပွားရေးလုပ်ကိုင်ရ လွယ်ကူမှုစာရင်း (Doing Business Ranking) မှာ မြန်မာနိုင်ငံက အဆင့်တက်နိုင်ချေရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောပါတယ်။

“ ဒီနှစ်ထဲမှာ အွန်လိုင်းကုမ္ပဏီမှတ်ပုံတင်စနစ် (MYCO) ကို ထူထောင်နိုင်ခဲ့တဲ့အတွက်ကြောင့် လုပ်ငန်းတစ်ခု စတင်ရလွယ်ကူမှု (Starting a Business) နဲ့ ပတ်သက်ပြီး တိုးတက်မှုတွေ များစွာရရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဒါနဲ့ပတ်သက်လို့ ပိုမိုကောင်းမွန်တဲ့ ရလဒ်ရဖို့ မျှော်လင့်ပြီး ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်” လို့ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောပါတယ်။

ဒါ့အပြင် မြန်မာကုမ္ပဏီဥပဒေအသစ်တွင် အနည်းစုရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးနိုင်မှုနဲ့ ပတ်သက်တဲ့ ပြဌာန်းချက်များကို အပြည့်အစုံ ထည့်သွင်းရေးဆွဲထားခြင်းကြောင့် အဆိုပါကဏ္ဍတွင်လည်း အဆင့်တက်လာနိုင်ရန် မျှော်မှန်း လုပ်ဆောင်လျက်ရှိကြောင်း ဦးအောင်နိုင်ဦးက ဆိုပါတယ်။

လက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းတစ်ခု စတင်ရလွယ်ကူမှုနှင့် အနည်းစု ရင်းနှီးမြှုပ်နှံသူများအပေါ် အကာအကွယ်ပေးနိုင်မှု စတဲ့ ကဏ္ဍ (၂) ခု အဆင့်တက်လာရေးကို တာဝန်ယူလုပ်ကိုင်လျက်ရှိနေတယ်လို့ သိရပါတယ်။

မြန်မာကုမ္ပဏီဥပဒေအသစ်ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှ စတင်အသက်ဝင်ခဲ့ခြင်းကြောင့် ကုမ္ပဏီများ ပိုမိုလွယ်ကူလာမှုပိုင်းဆိုင်ရာ အမှတ်ပေးခြင်းများတွင် ၂ဝ၁၉ ခုနှစ် Doing Business Report မှာ ထည့်သွင်းတွက်ချက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်ရောက်ရင် စီးပွားရေးလုပ်ကိုင်ရအလွယ်ဆုံးနိုင်ငံများ (Doing Business) စာရင်းမှာ အဆင့် (၁၀၀) အတွင်း ရောက်ရှိစေရန် ဆောင်ရွက်ရမယ်လို့ နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားထားကြောင်း သိရပါတယ်။

ကမ္ဘာ့ဘဏ်က ၂၀၁၉ ခုနှစ်အတွက် ထုတ်ပြန်တဲ့ စီးပွားရေးလုပ်ကိုင်ရအလွယ်ဆုံး နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံက အဆင့် (၁၇၁) မှာရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ကလည်း အဆင့် (၁၇၁) မှာပဲရှိနေကာ အဆင့်တိုးလာခြင်းမရှိကြောင်း သိရပါတယ်။

Doing Business အစီရင်ခံစာဆိုတာ နိုင်ငံပေါင်း ( ၁၉၀ ) မှာရှိတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေရဲ့ လုပ်ငန်းလုပ်ဆောင်ရန် အဆင်ပြေလွယ်ကူမှုကို တိုင်းတာဖော်ပြတဲ့ အစီရင်ခံစာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများနဲ့ ရင်းနှီးမြှုပ်နှံသူများက အမြဲစောင့်ကြည့် လေ့လာဖတ်ရှုတဲ့ အစီရင်ခံစာလည်း ဖြစ်ပါတယ်။

အဆိုပါ Doing Business အစီရင်ခံစာကို ကမ္ဘာ့ဘဏ် ( World Bank ) မှ တစ်နှစ်တစ်ကြိမ်ထုတ်ပြန်လေ့ရှိပြီး ၂၀၀၃ ခုနှစ်မှ စတင်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ၂၀၁၄ ခုနှစ်မှ စတင်ကာ Doing Business အစီရင်ခံစာမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

 

Source: BE NEWS
Myanmar Industry Directory

Read times Last modified on Wednesday, 05 June 2019 17:09
Rate this item
(0 votes)