Local News



အသေးစား (SME) လုပ်ငန်းစုများ ပါဝင်သော စက်မှုဇုန်တစ်ခု ပလက်ဝမြို့နယ်တွင် ဖော်ဆောင်မည်

အသေးစား (SME) လုပ်ငန်းစုများ ပါဝင်သော စက်မှုဇုန်တစ်ခု ပလက်ဝမြို့နယ်တွင် ဖော်ဆောင်မည် google

 ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေဖို့အသေးစား (SME) လုပ်ငန်းစုများပါဝင်တဲ့ စက်မှုဇုန်တစ်ခု ဖော်ဆောင်မယ်လို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက မေလ ၃၀ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသား လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

၎င်းစက်မှုဇုန်ကို အကောင်အထည်ဖော်နိုင်ဖို့ လက်ရှိ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မြေပြင်ကွင်းဆင်းလေ့လာရေးအဖွဲ့များကို ၂၀၁၉ မတ်လ ၁၂ ရက်နေ့က ဖွဲ့စည်းကာ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုများ ဆောင်ရွက်နေကြောင်း သိရပါတယ်။

အဆိုပါအဖွဲ့က စက်မှုဇုန်တည်ဆောက်ဖို့ မြေကွက်အလိုက် လိုအပ်မယ့် လမ်းမကြီးနဲ့ လမ်းသွယ်များ အခြေအနေ၊ လျှပ်စစ်မီးနဲ့ ရေရရှိနိုင်မယ့် အခြေအနေ၊ ထုတ်ကုန်များ တင်ပို့နိုင်မယ့် လမ်းကြောင်းနဲ့ ဈေးကွက်အခြေအနေ စတဲ့ စက်မှုဇုန်အင်္ဂါရပ်များနဲ့အညီ ဖြစ်နိုင်ခြေ ရှိမရှိကို ကွင်းဆင်းလေ့လာပြီး တွေ့ ရှိချက်များအား တင်ပြကြမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါလေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာအပေါ်မူတည်ကာ ပြည်နယ်အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများက ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

စက်မှုဇုန်ပေါ်ပေါက်လာတဲ့အခါ လိုအပ်တဲ့ ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေး ကြိုတင်စီမံတဲ့အနေနဲ့ ပလက်ဝမြို့မှာ စက်မှုသင်တန်းကျောင်းတစ်ခုကို ထိုင်းနိုင်ငံ (NEDA) အထောက်အပံ့ဖြင့် ဖွင့်လှစ်ဖို့ စီစဉ်နေကြောင်း ဦးခင်မောင်ချိုက ပြောပါတယ်။

 

၎င်းသင်တန်းကျောင်းမှာ အသေးစားလုပ်ငန်းများအတွက် အထောက်အကူပြုစေမယ့် လျှပ်စစ်နဲ့ အီလက်ထရွန်နစ်ဘာသာရပ်၊ ဂဟေဆက်ပညာဘာသာရပ်၊ မော်တော်ယာဉ်စက်ပြင်ဘာသာရပ်၊ တွင်ခုံဖောက်ခုံ စက်ကိုင်ကျွမ်းကျင်ဘာသာရပ် စတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

ချင်းပြည်နယ်က ထူးခြားတဲ့ သဘာဝအလှတရားများနဲ့ ပြည့်နှက်နေတဲ့ ဒေသဖြစ်တာကြောင့် စက်မှုလုပ်ငန်းများ တည်ထောင်ခြင်းဖြင့် သဘာဝက ပေးထားတဲ့ ပင်ကိုအလှအပများကို မပျက်စီးစေဖို့ အထူးအလေးထား ဆောင်ရွက်ကြရမယ်လို့ ဦးခင်မောင်ချိုက ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်ရဲ့ စက်မှုကဏ္ဍ တိုးတက်စေဖို့၊ လူမှုစီးပွားဘဝ မြင့်မားစေဖို့နဲ့ နိုင်ငံရဲ့ GDP တိုးတက်လာစေဖို့ စက်မှုဇုန် ၁၉ ခုကို ဖွင့်လှစ်ထားကြောင်း ဦးခင်မောင်ချိုက ဆိုပါတယ်။ ဒါ့ပြင် ၎င်းစက်မှုဇုန်များမှာ အားရကျေနပ်ဖွယ်ရာ တိုးတက်မှုမျိုး မတွေ့ရသေးတဲ့အတွက် တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းဖို့ ကြိုးပမ်းနေကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

 

Source: 7Day Daily
Myanmar Industry Directory

Read times
Rate this item
(1 Vote)