Local News



လျှပ်စစ်ဓာတ်အားပေး သင်္ဘောဖြင့် ဓာတ်အားပေးရန် နိုင်ငံတကာတင်ဒါ အမြန်ဆုံး ခေါ်ယူသွားမည်

ရန်ကုန်အပါအဝင် မြို့ကြီးများကို လျှပ်စစ်ဓာတ်အားပေး သင်္ဘောများဖြင့် ဓာတ်အားပံ့ပိုးပေးရန် နိုင်ငံတကာတင်ဒါ အမြန်ဆုံး ခေါ်ယူသွားမယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောပါတယ်။

ရေတိုကာလ အရေးပေါ်စီမံချက်အနေဖြင့် လျှပ်စစ်ဓာတ်အားပေး သင်္ဘောများ မြန်မာနိုင်ငံတွင် ဆိုက်ကပ်၍ ဓာတ်အားပေးမယ့်နည်းဖြင့် လုပ်ဆောင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက စီမံချက် ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

"နိုင်ငံတကာတင်ဒါခေါ်မယ်။ ကောက်ခံမယ့်ဈေးနှုန်း အနည်းဆုံးနဲ့ စွမ်းဆောင်ရည် အကောင်းဆုံးကိုရွေးပြီး ရေတိုကာလအတွက် ပံ့ပိုးမှုလုပ်မယ်။ အရေးပေါ်စီမံချက်အနေနဲ့ လုပ်မယ်။ ဒါက အမြန်ဆုံး ဖြစ်လာမယ်" လို့ ၎င်းက ပြောပါတယ်။
ပြည်တွင်းကုမ္ပဏီများအနေနဲ့ နိုင်ငံတကာ ကုမ္ပဏီနဲ့ ပူးပေါင်း၍ ဝင်ပြိုင်လိုပါက ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ လျှပ်စစ်ဝန်ကြီးဌာနက ဆိုပါတယ်။

ဓာတ်အားပေးသင်္ဘော Bower barge များက ရေလမ်းကြောင်းမှ လာရတဲ့အတွက် ၎င်းသင်္ဘောများ ဆိုက်ကပ်နိုင်တဲ့ နေရာဟာ လျှပ်စစ် Transformation လိုင်းများ၊ ဂတ်စ်ပိုက်လိုင်းများ မရှိပါက လုပ်ဆောင်လို့ မရတဲ့အပြင် အသစ်ဆောက်ပါကလည်း ကြာမြင့်မှာဖြစ်ရာ လက်ရှိ Transformation လိုင်း၊ ခွဲရုံများ၊ ပိုက်လိုင်းများ စတဲ့ အခြေခံအဆောက်အအုံများနဲ့ အနီးဆုံးမှာရှိတဲ့ ဆိပ်ကမ်းများမှာ ဆိုက်ကပ်ပြီး လျှပ်စစ်မီး ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။

 

လက်ရှိတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်သင်္ဘောများ ဆိုက်ကပ်၍ လျှပ်စစ်ဖြန့်ဖြူးပေးနိုင်မယ့် နေရာရှစ်ခုကို အကြမ်းဖျင်း လေ့လာထားပြီး ကျောက်ဖြူ၊ ပုသိမ်၊ သီလဝါ၊ မော်လမြိုင်တို့မှာရှိကြောင်း သိရပါတယ်။

အဆိုပါနည်းဖြင့် လျှပ်စစ်ဝယ်ယူရာတွင် ရေတိုကာလအတွက် ဝယ်ယူခြင်းဖြစ်တဲ့အတွက် ဈေးနှုန်းကြီးမြင့်မှာဖြစ်ရာ အနည်းဆုံး မဂ္ဂါဝပ် ၆၀ဝ ခန့် ဝယ်ယူရန် စဉ်းစားထားပြီး ဈေးနှုန်းချိုသာပါက များများဝယ်ယူသွားမယ်လို့ သိရပါတယ်။ နည်းပညာနဲ့ စီးပွားရေးအရပါ ဝယ်ယူရန် အရေးပေါ် တွက်ချက်စဉ်းစားနေတယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

ယခင် အစိုးရလက်ထက်ကလည်း တူရကီက လျှပ်စစ်ဓာတ်အားပေးသင်္ဘောဖြင့် ရန်ကုန်ကို လျှပ်စစ်ဓာတ်အားပေးရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် တူရကီကုမ္ပဏီတို့အကြား ဆွေးနွေးမှုများ ရှိခဲ့ပေမယ့်လည်း ဖြစ်မလာခဲ့ကြောင်း ဝန်ကြီးဌာနမှ သိရပါတယ်။

လက်ရှိဓာတ်အားခ ကောက်ခံမှု အနေအထားအရ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှု ကုန်ကျစရိတ်ကို မကာမိဘဲ နိုင်ငံတော်က နှစ်စဉ် ကျပ်သန်းပေါင်းရာချီကာ အရှုံးခံစိုက်ထုတ် ဖြန့်ဖြူးပေးနေရပြီး ၂၀၁၈ - ၁၉ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၅၀ဝ ကျော် အရှုံးခံ စိုက်ထုတ်ရနိုင်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်မှ ၅၀ ရာခိုင်နှုန်း ထုတ်လုပ်နေခြင်းဖြစ်ပြီး ယခုအခါ ရေအားလျှပ်စစ် ထုတ်လုပ်ရန် အရင်းအမြစ်ဖြစ်သည့် ဆည်များတွင် ရေနည်းလာကာ မိုးရွာသွန်းမှုလည်း မရှိသည့်အတွက် လျှပ်စစ်ထုတ်လုပ်နိုင်မှု လျော့ကျနေတယ်လို့ သိရပါတယ်။

 

Source: Myanmar Times
Myanmar Industry Directory

Read times Last modified on Saturday, 25 May 2019 15:52
Rate this item
(1 Vote)