Local News



လူဦးရေ ငါးသောင်းလောက်ကို အလုပ်အကိုင် ပေးနိုင်မယ့် အထည်အလိပ်စက်မှုဇုန် မန္တလေးတွင် ထူထောင်မည်

လူဦးရေ ငါးသောင်းလောက်ကို အလုပ်အကိုင် ပေးနိုင်မယ့် အထည်အလိပ်စက်မှုဇုန် မန္တလေးတွင် ထူထောင်မည် google

မေ ၂၁ ရက်က EU Chamber of Commerce in Myanmar မှ ဦးစီးကျင်းပခဲ့တဲ့ Bussiness Climate in Upper Myanmar အခမ်းအနားမှာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မန္တလေးမြို့တွင် အထည်အလိပ် စက်မှုဇုန် (Textile Industry Park) တစ်ခု ထူထောင်မှာဖြစ်ကြောင်း ပြောပါတယ်။

"ကျွန်တော့်ဆီကို လုပ်ငန်းရှင်တချို့က အထည်အလိပ်ဇုန်တစ်ခုလုပ်ဖို့ အဆိုပြုထားတာ ရှိပါတယ်။ ဒါဟာ လူဦးရေ ငါးသောင်းလောက်ကို အလုပ်အကိုင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ JICA နဲ့ လုပ်ဆောင်ကြဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ Textile Industry Park တစ်ခု ထူထောင်ဖို့ ရှိပါတယ်" လို့ ဆိုပါတယ်။

မန္တလေးဒေသမှာ စိုက်ပျိုးစီးပွားရေးကဏ္ဍအတွက် လုပ်ဆောင်ဖို့ အားသာချက်များ ရှိနေပြီး အခြားစိတ်ဝင်စားစရာ ကဏ္ဍတစ်ခုမှာ အထည်ချုပ်စက်ရုံဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ မန္တလေးမြို့မှာ လက်ရှိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃.၇ ဘီလျံ ရှိပြီး နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုမှာ ကျပ် ၅.ဝ၇ ထရီလျံ ရှိပါတယ်။

မြန်မာနိုင်ငံဟာ ယခုနှစ်အတွင်း အထည်ချုပ်လုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၃ ဘီလျံ ရရှိထားပြီး ယမန်နှစ်ထက် သန်း ၉၀ဝ ကျော်လွန် ရရှိထားကြောင်း၊ မန္တလေးမြို့မှာ လူစွမ်းအားအရင်းအမြစ်များရှိကြောင်းလည်း ၎င်းက ပြောခဲ့ပါတယ်။

 

မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ် Mr. Kristain Schmidt က "မန္တလေးမြို့ဟာ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေလည်း မြန်ဆန်တယ်။ ဥရောပနိုင်ငံတွေအတွက် အခွင့်အရေးကောင်းတွေ ရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်မှာ ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ ကန့်သတ်ချက်တော့မရှိပါဘူး။ စိုက်ပျိုးရေးထုတ်ကုန်မှာ ကျွန်တော်တို့က ထိပ်တန်းဖြစ်တဲ့အတွက် ကူညီနိုင်မယ်လို့ မျှော်လင့်တယ်" လို့ ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇­ - ၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၉ ဖေဖော်ဝါရီလကုန်ထိ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဟာ စက်မှုကဏ္ဍမှာ အရေအတွက်အားဖြင့် ၁၁ ခု၊ ရင်းနှီးမြှုပ်နှံမှုအားဖြင့် ကျပ်၂၇-၄၅၁ သန်းကျော်၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် သုံးခု၊ ရင်းနှီးမြှုပ်နှံမှုအားဖြင့် ကျပ် ၁၀,၈၅၉ သန်း ရှိပါတယ်။

အဆိုပါကာလအတွင်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုက စက်မှုကဏ္ဍတွင် ငါးခု၊ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၇.၂ သန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် တစ်ခု၊ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဝ.၇၄၃ သန်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တစ်ခု၊ ရင်းနှီးမြှုပ်နှံမှုအားဖြင့် ဒေါ်လာ ၂.၂၀၈ သန်း ရှိပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ တစ်ဦးချင်း ဂျီဒီပီက ကျပ် ၁၅ သိန်းကျော် ဖြစ်ပေမယ့်လည်း အခုဘဏ္ဍာရေးနှစ်မှာ ကျပ် ၁၇ သိန်းကျော်ရရှိဖို့ မျှော်မှန်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

Source: Myanmar Times
Myanmar Industry Directory

Read times Last modified on Saturday, 25 May 2019 15:52
Rate this item
(2 votes)