What's New



မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း အခြေအနေ သုံးလဆက်တိုက် တိုးတက်ခဲ့ပြီး ထုတ်ကုန်ရောင်းဈေးများ ကျဆင်းခဲ့

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း အခြေအနေ သုံးလဆက်တိုက် တိုးတက်ခဲ့ပြီး ထုတ်ကုန်ရောင်းဈေးများ ကျဆင်းခဲ့ google

       မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်း အခြေအနေ သုံးလဆက်တိုက် တိုးတက်ခဲ့ပြီး သွင်းကုန်စရိတ်နှင့် သယ်ယူပို့ဆောင်စရိတ် လျော့ကျမှုကြောင့် ၂၀၁၆ ခုနှစ် ဇူလိုင်မှစ၍ ထုတ်ကုန်ရောင်းဈေးများ ပထမဦးဆုံးအကြိမ် ကျဆင်းခဲ့ကြောင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index -ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း) အရ သိရပါတယ်။

 

       မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍ လုပ်ငန်းအခြေအနေများမှာ ဇန်နဝါရီလတွင် တတိယမြောက်လအဖြစ် ဆက်တိုက်တိုးတက်လာခဲ့ပြီး နောက်ဆုံးစစ်တမ်းကို ခြုံကြည့်လျှင် အသင့်အတင့် တိုးတက်မှုကို အချက်ပြနေကာ ထုတ်လုပ်မှုနှင့် အော်ဒါသစ်များကို ဆက်တိုက် ပံ့ပိုးပေးခဲ့ပါတယ်။ ထုတ်လုပ်သူများအကြား လုပ်ငန်းဆိုင်ရာ မျှော်လင့်ချက်များ နိမ့်ကျနေဆဲဖြစ်ပြီး လက်ကျန်အလုပ်များ ဆက်တိုက်သိသိသာသာ ကျဆင်းလာသဖြင့် ထုတ်လုပ်မှုစွမ်းအားအပေါ် ဖိအားပေးမှု ဆက်လက်နည်းပါး နေပါတယ်။ အကျိုးရလဒ်အနေဖြင့် အလုပ်ဖန်တီးမှုနှုန်း အားပျော့လာပြီး ဒသမ ဂဏန်းမျှသာရှိခဲ့ပါတယ်။

 

       ဈေးနှုန်းများကို လေ့လာကြည့်လျှင် သမိုင်းတစ်လျှောက် သွင်းကုန်စရိတ်များ မြင့်တက်မှုနှေးလာချိန်အတွင်း ၂၀၁၆ ခုနှစ် ဇူလိုင်မှစပြီး ထုတ်ကုန်ဈေးများ ပထမဦးဆုံးအကြိမ် ကျဆင်းလာခဲ့ပါတယ်။  ဇန်နဝါရီလအတွက် နစ်ကေးမြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း ၅၁ ဒသမ ၉ ရှိခဲ့ပြီး ဒီဇင်ဘာလ၏ အမှတ် ၅၂ ဒသမ ၅ မှကျဆင်းလာသော်လည်း ကုန်ထုတ်လုပ်ရေးကဏ္ဍ အခြေအနေမှာ အသင့်အတင့် ကောင်းမွန်လာခြင်းကို အချက်ပြနေပါတယ်။ ယင်းမှာ လုပ်ငန်းတစ်ခုလုံးထဲတွင် တတိယအကြိမ် ဆက်တိုက် တိုးတက်မှုဖြစ်ပြီး ပြီးခဲ့သည့်မေလကစ၍ ဒုတိယ အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ 

 

         ကုန်စည်ထုတ်လုပ်ရေးကုမ္ပဏီများသည် ဇန်နဝါရီလတွင် ထုတ်လုပ်မှုကို ဆက်လက်တိုးချဲ့နိုင်ခဲ့ကြပါတယ်။ ထိုသို့ ထုတ်လုပ်မှုအခိုင်အမာ တိုးလာခဲ့ခြင်းမှာ ယေဘုယျအားဖြင့် အော်ဒါသစ်ပမာဏများ မြင့်လာခြင်းနှင့် လက်ရှိတိုးတက်မှု ဖြစ်စဉ်ကို သုံးလအထိ တိုးချဲ့နိုင်ခဲ့ခြင်း၏ ကျေးဇူးကြောင့်ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း ဈေးဝယ်သူများ၏ ဝယ်လိုအား ကျယ်ပြန့်စွာ တိုးလာခြင်းမှာ အော်ဒါသစ်များကြောင့်ဖြစ်ပါတယ်။ 

 

       ကုန်ထုတ်လုပ်ရေးကုမ္ပဏီများအတွက် ဇန်နဝါရီလအတွင်း ကုန်ကျစရိတ် ဝန်ထုပ်များ တိုးလာခဲ့ခြင်းမှာ စစ်တမ်းသမိုင်းထဲတွင် အားအပျော့ဆုံးဖြစ်ခဲ့ပြီး ကုန်ကြမ်းပစ္စည်းများ အများအပြား ရရှိလာခြင်းနှင့် ပို့ဆောင်ခများ သက်သာခြင်းက သွင်းကုန်ဈေးနှုန်း ဖောင်းပွမှုကို သက်သာစေခဲ့ပါတယ်။ ကုန်ထုတ်လုပ်သူတို့သည် သွင်းကုန်စရိတ် ကျဆင်းလာခြင်းကြောင့် ၎င်းတို့၏ စက်ရုံရောင်းဈေးများကို လျှော့ချပေးခဲ့ပြီး ထုတ်ကုန်ရောင်းဈေးများမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှစပြီး ပထမဦးဆုံးအကြိမ် အသင့်အတင့်နှုန်းဖြင့် ကျဆင်းခဲ့ပါတယ်။

 

       ယခုလများအတွင်း လုပ်ငန်းသစ်များတွင် အခိုင်အမာတိုးတက်မှုရှိပြီး ကုန်ကျစရိတ်ဖိအားပေးမှုများ လျော့နည်းလာခဲ့သော်လည်း မြန်မာနိုင်ငံရှိ ကုန်စည်ထုတ်လုပ်သူတို့က လာမည့်နှစ်အတွင်း ထုတ်လုပ်ရေးဆိုင်ရာ ယုံကြည်မှုမှာ အားနည်းနေဆဲဖြစ်ကြောင်း သိရပါတယ်။ အဆိုပါစစ်တမ်းကို ပြုစုပေးသည့် IHS Markit မှ စီးပွားရေးပညာရှင် Sian Jones က “ဇန်နဝါရီစစ်တမ်း ဒေတာကို ကြည့်ရင် မြန်မာထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းမှာ လုပ်ငန်းလည်ပတ်မှု အခြေအနေများ ရှေ့ဆက်တိုးတက်လာတယ်လို့ အချက်ပြခဲ့ပါတယ်။

 

       တိုးတက်လာတဲ့နှုန်းက မသိမသာ အားပျော့လာခဲ့ပေမယ့် ထုတ်လုပ်မှုနဲ့ အော်ဒါအသစ်တွေက သုံးလဆက်တိုက် တိုးလာပါတယ်။ ဈေးနှုန်းတွေရဲ့ဖိအားပေးမှုက ၂၀၁၈ ခုနှစ် တစ်လျှောက် တွေ့မြင့်ခဲ့ရတာနဲ့စာရင် သိသိသာသာ လျော့နည်းလာပါတယ်။ ထည့်သွင်းကုန်တွေရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက စစ်တမ်းရဲ့ အနိမ့်ဆုံးကို ကျဆင်းခဲ့ပြီး ရလဒ်အနေနဲ့ စက်ရုံထုတ်ဈေးတွေ ၂၀၁၆ ခုနှစ် ဇူလိုင်ကစပြီး ပထမအကြိမ် ကျဆင်းမှု ဖြစ်လာခဲ့ပါတယ်” ဟု ပြောပါတယ်။

 

       ယခုထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်း ရရှိသည့် စစ်တမ်း မူလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စု က ပံ့ပိုးထားခြင်းဖြစ်ပါတယ်။

 

Source: Eleven Media

Myanmar Industry Directory

Read times Last modified on Monday, 18 February 2019 16:45
Rate this item
(0 votes)