Investment



တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရေး မြန်မာ-ဂျပန်-အမေရိကန် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပ

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရေး မြန်မာ-ဂျပန်-အမေရိကန် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပ UMFCCI

မြန်မာနိုင်ငံမှာ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ တာဝန်ကျေတဲ့ စီးပွားရေးလုပ်ငန်းများကို အစိုးရ၊ ပုဂ္ဂလိကနဲ့ နိုင်ငံခြားအဖွဲ့အစည်းများပူးပေါင်းပြီး

လုပ်ကိုင်နိုင်ရန်အတွက် မြန်မာ-ဂျပန်-အမေရိကန် သုံးနိုင်ငံပူးပေါင်းပြိး Myanmar-Japan-U.S Forum Fostering Responsible Investment ဖိုရမ်ကို သြဂုတ်လ (၂၀) ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါဖိုရမ်ကို မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan-MSDP) နဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်း (Myanmar Investment Promotion Plan-MIPP) တို့အရ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများအား သိရှိနိုင်ရန်နဲ့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ဂျပန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံကို မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ထားတဲ့အတိုင်း ရှေ့ဆက်အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်များမှာ ပူးပေါင်းပါဝင်သွားရန်နဲ့ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုရှိပြီးသားဖြစ်ပြီး ယခုအခါမှာလည်း မြန်မာနိုင်ငံမှာ သီလဝါစက်မှုဇုန်စီမံကိန်းမှစပြီး ဂျပန်စက်ရုံအများအပြား ဝင်ရောက်လျက်ရှိကြောင်းနဲ့ အမေရိကန်လုပ်ငန်းရှင်များအနေဖြင့်လည်း ဘဏ်လုပ်ငန်းကဏ္ဍ၊ ပညာရေးကဏ္ဍတို့မှာ ရင်းနှီးမြှုပ်နှံရန် အလွန်စိတ်ဝင်စားကြကြောင်း သိရှိရသဖြင့် ကြိုဆိုပါကြောင်းကိုလည်း ၄င်းကပြောကြားခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းမှ ဂျပန်နဲ့ အမေရိကန်မှ ရင်းနှီးမြှုပ်နှံသူများအားလုံးကို မြန်မာနိုင်ငံရဲ့ အခြေခံစိုက်ပျိုးရေးကဏ္ဍ၊ အဆောက်အဦ တည်ဆောက်ရေးကဏ္ဍ၊ ငွေစာရင်းကဏ္ဍ၊ ဘဏ္ဏာရေးကဏ္ဍ စတာတွေမှာ ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးဆောင်ရွက်ပေးရန် ပြောကြားခဲ့ပါတယ်။

အမေရိကန်သံအမတ်ကြီးမှ မြန်မာနိုင်ငံ အာမခံလုပ်ငန်း၊ ငွေစာရင်းလုပ်ငန်း၊ ကုန်သွယ်မှုနဲ့ အခြားကဏ္ဍများဖြစ်တဲ့ SME လုပ်ငန်းအသေးစားများနဲ့ စိုက်ပျိုးတောင်သူများ စတာတွေအတွက် ပံ့ပိုးလျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာလုပ်သားများကို အလုပ်အကိုင်အခွင့်အလမ်းများ ပေးခြင်း၊ အခွန်များဆောင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ လုပ်ငန်းများဖြစ်အောင် ဆောင်ရွက်ခြင်းနဲ့ လူမှုပတ်ဝန်းကျင်ကိုပါ ပံ့ပိုးပေးခြင်းတို့ဖြင့် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများမှာ တာဝန်ယူ၊ တာဝန်သိစွာဖြင့် အမေရိကန်ကုမ္ပဏီများက ပံ့ပိုးပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံသံအမတ်ကြီးမှ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှာ ၂၀၁၆ မှ ၂၀၂၁ အတွင်း အမေရိကန်ဒေါ်လာ (၈) ဘီလီယံ ကူညီပြီး Project များစွာ လုပ်ဆောင်လျက်ရှိပြီး သီလဝါစက်မှုဇုန်ကိုလည်း အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ အလုပ်အကိုင်များလည်း ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ နည်းပညာများလည်း ပံ့ပိုးပေးလျက်ရှိကြောင်းနဲ့ ဂျပန်နိုင်ငံမှ ဆက်လက်ပြီး မြန်မာပြည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

Source: UMFCCI
Myanmar Industry Directory

Read times Last modified on Wednesday, 21 August 2019 15:38
Rate this item
(0 votes)