Investment



အရှေ့ တောင်အာရှ အထင်ကရ ရေနံဓာတ်ငွေ့ စီမံကိန်းကြီးများ

စီးပွားရေးဖွံ့ဖြိုးမှု နှင့် ကြီးထွားမှု ပုံစံအားလုံးအတွက် စွမ်းအင်သည် ရင်းမြစ်မဟာသခင် ဖြစ်သည်ဟု ဆိုကြသည်။

အထူးသဖြင့် လျှပ်စစ်စွမ်းအင်သည် အခရာကျသည်။ ဖွံ့ဖြိုးကြီးထွားနှုန်း မြန်သည်နှင့်အမျှ လျှပ်စစ်စွမ်းအင် လိုအပ်မှုသည် ဆတိုးကြီးမားလာသည်။
အရှေ့တောင်အာရှတွင် ကြီးထွားနှုန်း မြန်ဆန်သဖြင့် စွမ်းအင်အတွက် တောင်းဆိုမှုများသည် ကြီးမားနေသည်။ ၁၀ နိုင်ငံ ပါဝင်သော အာဆီယံတွင် စွမ်းအင် လိုအပ်ချက်သည် ပြီးခဲ့သည့် ၁၅ နှစ်တာအတွင်း ၆၀ ရာခိုင်နှုန်း ပိုမိုကြီးမားလာသည်။ ရှေ့ရေးကို မျှော်တွေးကြည့်ပါက ဒေသတွင်း စွမ်းအင် လိုအပ်ချက်ပမာဏသည် ၂၀၂၄ ခုနှစ်တွင် သုံးပုံနှစ်ပုံ ပိုမိုကြီးမားမည်ဟု ခန့်မှန်းထားကြသည်။ တစ်ကမ္ဘာလုံး သဘာဝဓာတ်ငွေ့ သုံးစွဲမှု ပမာဏ၏ ထက်ဝက်သည် အာရှနိုင်ငံများမှ သုံးစွဲနေခြင်း ဖြစ်သည်။ ရေနံ သုံးစွဲမှုသည်လည်း များပြားပေရာ ကမ္ဘာ့ရေနံ သုံးစွဲမှု ပမာဏ၏ ၈၀ ရာခိုင်နှုန်းကို အာရှနိုင်ငံများက သုံးစွဲနေခြင်း ဖြစ်သည်ဟု World Energy Outlook တွင် ဖော်ပြထားသည်။

ဤသို့ စွမ်းအင်လိုအပ်ချက် တိုးခြင်း ကြီးမားနေသည်ကို ရင်ဆိုင်ဖြေရှင်းကြရာ၌ အရှေ့တောင်အာရှရှိ နိုင်ငံများသည် ရည်မှန်းချက် ကြီးမားသော စီမံကိန်းကြီးများကို အကောင်အထည်ဖော်ကြသည်။ ယခုအခါ အရှေ့တောင်အာရှတွင် ရေနံနှင့်ဓာတ်ငွေ့အတွက် ကြီးမားသော စီမံကိန်းကြီး ၁၀ ခု ရှိနေရာ၌ မြန်မာနိုင်ငံလည်း အပါအ၀င် ဖြစ်သည်။


ရေနံနှင့် ဓာတ်ငွေ့ ပြည်ပပို့ကုန်ဖြင့် ကြွယ်ဝမှု ရရှိနေသော ဘရူနိုင်းနိုင်ငံသည် ethylene နှင့် paraxylene ထုတ်လုပ်မည့် ပြုပြင်သန့်စင်စက်ရုံဖြစ်သော Pulau Muara Besar Refinery & Petrochemical Complex အဆင့် (၂)ကို ၂၀၂၂ ခုနှစ်တွင် စတင်လည်ပတ်ရန် အကောင်အထည်ဖော်နေသည်။ စီမံကိန်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံ ဖြစ်သည်။ တရုတ်နိုင်ငံမှ Hengyi Industries က တည်ဆောက်ပေးမည်။

 


ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၈ ဘီလျံ ကုန်ကျမည့် Long Son (No. 3) Refinery ကို အကောင်အထည် ဖော်နေပြီး ၂၀၂၁ ခုနှစ်တွင် စတင်လည်ပတ်ရန် လျာထားသည်။ ယခင်က Dung Quat Refinery နှင့် Nghi Son Refinery တို့ကို အကောင်အထည်ဖော်ခဲ့သော နိုင်ငံပိုင် PetroVietnam က Long Son တွင် တတိယမြောက် စီမံကိန်းကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ အဆိုပါ ရေနံချက် စက်ရုံအတွက် ရေနံကို အရှေ့အလယ်ပိုင်းဒေသ ရေနံတင်ပို့သည့် နိုင်ငံများမှ ရယူမည်ဖြစ်ပြီး ဒီဇယ်၊ ရေနံဆီ၊ လေယာဉ်ဆီ အစရှိသည့် ထုတ်ကုန်များကို ပြည်တွင်း လိုအပ်ချက်အတွက် ဖြည့်တင်းပေးမည် ဖြစ်သည်။
စီမံကိန်းကို အကောင်အထည်ဖော်ရာ၌ နှောင့်နှေးမှုများ ရှိခဲ့သည်။ စီမံကိန်း ဧရိယာကို ရှင်းလင်းရာ၌ ကြန့်ကြာမှုများ ရှိခဲ့သည့်အပြင် စီးပွားဖက်အဖြစ် ဖက်စပ်လုပ်ကိုင်မည့် ကုမ္ပဏီကို ရှာဖွေရာ၌လည်း အခက်အခဲ ရှိသည်။ များမကြာမီတွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ရန် လျာထားသည်။

ဗီယက်နမ်နိုင်ငံ၏ နောက်ထပ် ရေနံနှင့်ဓာတ်ငွေ့ စီမံကိန်းကြီးတစ်ခုမှာ Vietnam Gas Project ဖြစ်သည်။ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလျံ ဟု ခန့်မှန်းထားသည်။ ဗီယက်နမ် ကမ်းလွန် သဘာဝဓာတ်ငွေ့သိုက်များကို တူးဖော်ရန် ဖြစ်သည်။ PetroVietnam သည် PetroVietnam Exploration Production Corporation (PVEP), Mitsui & Co, နှင့် PTT Exploration and Production (PTTEP)တို့နှင့်အတူ အကျိုးတူ ပူးပေါင်းပြီး အကောင်အထည်ဖော်ခြင်း ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၆ ဘီလျံ ကုန်ကျမည်ဟု ခန့်မှန်းထားသော Indonesia Deepwater Development စီမံကိန်းကို အကောင်အထည်ဖော်မည်။ ကမ်းလွန် ရေနက်ပိုင်း သဘာဝဓာတ်ငွေ့သိုက်များကို တူးဖော်မည့် စီမံကိန်း ဖြစ်သည်။
Chevron ကုမ္ပဏီမှ ဦးဆောင်လုပ်ကိုင်ပြီး Pertamina, Eni Indonesia နှင့် Sinopec တို့ ပူးပေါင်းပါဝင်ကြသည်။ ရေအနက် ၆၁၀ မှ ၁၈၂၉ မီတာအထိ ရှိသော Kutal Basin တွင် သဘာဝဓာတ်ငွေ့ တူးဖော်မည်ဖြစ်သည်။

 

ထိုင်းနိုင်ငံသည် ၁၉၆၇ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သည့် ရေနံချက်စက်ရုံ Sriracha Refinery ကို တိုးချဲ့ခြင်းနှင့်အတူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အဆင့်မြှင့်တင်သည့် စီမံကိန်းကို အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်မည် ဖြစ်သည်။ အဆိုပါ Sriracha Refinery သည် ယခုအခါ တစ်ရက်လျှင် ရေနံစိမ်း စည်ပေါင်း ၁၇၄ ၀၀၀ အထိ လုပ်ကိုင်ပေးနိုင်စွမ်း ရှိသည်။ ရေနံစိမ်း ကုန်ကြမ်းနှင့် ရေနံထွက်ပစ္စည်း ကုန်ချောများ သိုလှောင်ကန် ၁၀၀ ကျော် ရှိသည်။ ၁၂၀ ၀၀ တန်ချိန်ရှိ ရေနံတင် သဘောင်္ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းလည်း ရှိသည်။ ဆိပ်ခံ သုံးခုဖြင့် ရေနံထွက် နှင့် ရေနံ ဓာတုပစ္စည်း ထုတ်ကုန်များ တန်ချိန် ၈၀၀၀ အထိ ကိုင်တွယ်ပေးနိုင်သော ဆိပ်ခံများ ဖြစ်သည်။

Sriracha Refinery ၏ မိခင်ကုမ္ပဏီ ဖြစ်သော ThaiOil က အဆိုပါ ရေနံချက် စက်ရုံကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မိတ်ဖက်ကျအောင် အဆင်ြ့မှင့်တင်ပေးမည့် Clean Fuel project ကို လုပ်ဆောင်လျက် ရှိသည်။ အရည်အသွေး ပိုမိုမြင့်မားသည့် ဒီဇယ်ဆီနှင့် ဂျက်လေယာဉ်ဆီများကို ထုတ်လုပ်နိုင်အောင်လည်း ဆောင်ရွက်လျက် ရှိသည်။

မလေးရှား နိုင်ငံသည် LNG ထုတ်လုပ်မည့် ရေပေါ်စက်ရုံ PFLNG Dua တည်ဆောက်မည့် စီမံကိန်းကို အကောင်အထည်ဖော်သည်။ Dua သည် ၂ ကို မလေးစကားဖြင့် ပြောဆိုခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ဤစီမံကိန်းသည် မလေးရှားနိုင်ငံအဖို့ ဒုတိယမြောက် LNG ရေပေါ်စက်ရုံ ဖြစ်သည်။ အမည်အပြည့်အစုံမှာ
Petronas Floating LNG 2 ဖြစ်သည်။ တစ်နှစ်လျှင် LNG တန်ချိန် တစ်သန်းခွဲ ထုတ်လုပ်မည့် စက်ရုံ ဖြစ်သည်။ တည်နေရာမှာ တောင်တရုတ်ပင်လယ်အစပ် ဆာဘာကျွန်း ကမ်းခြေတွင် ဖြစ်သည်။ နိုင်ငံပိုင် လုပ်ငန်းဖြစ်သော Petronas ၏ LNG ရေပေါ် စက်ရုံစီမံကိန်းတွင် the MODEC, CB&I Nederlan,
Toyo Engineering , JGC, Samsung Heavy Industries (SHI), JGC (Malaysia), SHI (Malaysia) အစရှိသည့် ကုမ္ပဏီများ ပါဝင်လုပ်ကိုင်ကြသည်။ သင်္ဘောကျင်းတွင် လွန်းတင် ပြုပြင်ခြင်း လုပ်ရန် မလိုဘဲ နှစ်ပေါင်း ၂၀ တာရှည်ခံအောင် တည်ဆောက်မည်ဟု ဆိုသည်။

 


မြန်မာနိုင်ငံသည် မီးလောင်ချိုင့် LNG စက်ရုံ စီမံကိန်းကို အကောင်အထည်ဖော်သည်။ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ ကုန်ကျမည် ခန့်မှန်းသည်။

လျှပ်စစ်ဓာတ်အား မလုံလောက်သည့် နာတာရှည် ပြဿနာကို ကုစားရန် LNG ကို လောင်စာအဖြစ် အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့်စီမံကိန်း ဖြစ်သည်။ ၁၃၀၉ MW ထုတ်လုပ်မည်။ စက်ရုံအတွက် လိုအပ်သော LNG ကို floating storage regasification units (FSRU) ထံမှ ရယူမည် ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး ချောင်းသာ မြောက်ဖက်တွင် ပင်လယ်ဆိပ်ကမ်း တည်ဆောက်မည်ဖြစ်သည်။ FSRUများသည် ကမ်းခြေမှ ၁ ဒသမ ၆ ကီလိုမီတာ ဝေးကွာသော နေရာတွင် ထားရှိပြီး LNG တင်ဆောင်လာသော သင်္ဘောများ ဆိုက်ကပ်ပြီး LNG ချပေးမည် ဖြစ်သည်။ ဓာတ်ငွေ့တင်သင်္ဘော တန်ချိန် ရှစ်သောင်းအထိ ဆိုက်ကပ်နိုင်မည့် ဆိပ်ခံများ တည်ဆောက်ထားမည် ဖြစ်သည်။
စီမံကိန်း ပထမအဆင့်ကို ၃၆ လ ကြာမြင့်မည်ဟု လျာထားသည်။ ဓာတ်အားစက်ရုံသည် အားအပြည့် ထုတ်လုပ်မှုကို ၂၀၂၁ ခုနှစ်တွင် စတင်ရန် လျာထားသည်။
.

Image result for batangas lng import terminal

ဖိလစ်ပိုင်နိုင်ငံတွင် LNG တင်သွင်းရန် ဆိပ်ခံကို အမေရိကန် ဒေါ်လာ ၂ ဘီလျံ ကုန်ကျမည့် စီမံကိန်း အကောင်အထည် ဖော်သည်။ Batangas LNG Import Terminal ဟု အမည်တွင်သည်။ စီမံကိန်းနှင့် အနီးအနားတွင် တည်ရှိသည့် ဓာတ်ငွေ့သုံး ဓာတ်အားစက်ရုံ ငါးခုသို့ ပေးပို့မည့် LNG များကို လက်ခံရယူပေးမည့် ဆိပ်ကမ်းဖြစ်သည်။ လက်ရှိသုံးစွဲနေသော ပြည်တွင်းဓာတ်ငွေ့သိုက်သည် ၂၀၂၄ ခုနှစ်တွင် ခန်းသွားမည်ဟု ခန့်မှန်းထားသဖြင့် ပြည်ပမှ LNG တင်သွင်းရန်အတွက် LNG ဆိပ်ကမ်းကို ယခုကတည်းက ကြိုကိုတင်တင် တည်ဆောက်ခြင်း ဖြစ်သည်။ စီမံကိန်းတွင် LNG သိုလှောင်ကန်များလည်း ထည့်သွင်း တည်ဆောက်မည်ဖြစ်သည့်အပြင် နောက်ထပ် ဓာတ်ငွေ့လောင်စာသုံး လျှပ်စစ်ဓာတ်အားစက်ရုံ နှစ်ရုံကို ထပ်တိုးပြီး တည်ဆောက်မည် ဖြစ်သည်။ အကြောင်းမှာ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် တစ်နှစ်ထက် တစ်နှစ် ပိုများလာနေသည့်အတွက်ကြောင့် ဖြစ်သည်။

Philippine National Oil Company (PNOC) မှ လုပ်ကိုင်မည့် ဆိပ်ကမ်းဖြစ်သည်။ ပထမအဆင့်တွင် floating storage and regasification unit (FSRU) များ တည်ဆောက်မည်။ ဒုတိယအဆင့်တွင် ဆိပ်ကမ်း မြေဧရိယာ၌ သိုလှောင်ကန်များ၊ ဖြန့်ဖြူးရေး ပိုက်လိုင်းများ၊ လျှပ်စစ်ဓာတ်အား စက်ရုံများ တည်ဆောက်မည် ဖြစ်သည်။ စီမံကိန်းတွင် First Gen Corp နှင့် Tokyo Gas တို့ ပူးတွဲပါဝင် လုပ်ကိုင်ကြသည်။

Read times Last modified on Sunday, 28 July 2019 14:06
Rate this item
(1 Vote)