Investment



မန္တလေး မြို့သာစက်မှုဇုန်စီမံကိန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ ( ၁၂ ) ခု ဝင်ရောက်

မန္တလေး မြို့သာစက်မှုဇုန်စီမံကိန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ ( ၁၂ ) ခု ဝင်ရောက် google

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့သာစက်မှုဇုန်စီမံကိန်းမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကဏ္ဍ (၁၂) ခု ဝင်ရောက် လုပ်ကိုင်နေပြီဖြစ်ကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဦးက ပြောပါတယ်။

“မန္တလေးမြို့မှာ လုပ်ကိုင်မယ့် စက်မှုဇုန်လုပ်ငန်းတွေအတွက် နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ မြေနေရာလိုသလောက်ရနိုင်တာ မြို့သာစက်မှုဇုန်မှာရှိတော့ ခုဆိုရင် အဲ့နေရာမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ရောက်နေကြပြီ“ လို့ ဒေါ်နွယ်နီဦးက ပြောပါတယ်။

အဆိုပါ မြို့သာစက်မှုဇုန်မှာ ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံခြားကမ္ပဏီတွေကို ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ခွင့်ပြုမိန့်နဲ့ အတည်ပြုမိန့်များ ထုတ်ပေးကာ လုပ်ငန်းများ စတင်လုပ်ကိုင် ထုတ်လုပ်နေပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှု (FDI) ပမာဏအားဖြင့် အမေရိကန်ဒေါ်လာသန်း (၆၀၀)ကျော် ရင်းနှီးမြုပ်နှံထားကြောင်း DICA ရဲ့ စာရင်းများအရ သိရပါတယ်။

မြို့သာစက်မှုဇုန်မှာ တရုတ်၊ စင်္ကာပူ၊ နယ်သာလန်၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံများမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်ထားပြီး မော်တော်ယာဉ်ထုတ်လုပ်တဲ့လုပ်ငန်း၊ အဆင့်မြင့် စားသောက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်း၊ CMP ဖိနပ်လုပ်ငန်း၊ တိရစ္ဆာန်အစာထုတ်လုပ်တဲ့လုပ်ငန်း စတဲ့ စက်မှုလုပ်ငန်းများအပြင် အခြားဝန်ဆောင်မှုလုပ်ငန်းများလည်း ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့သာစက်မှုဇုန်စီမံကိန်းကို ရင်းနှီးမြုပ်နှံမှုဥပဒေအရ ယခင် အစိုးရလက်ထက်ကတည်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှသာ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC) ပါမစ် ရရှိခဲ့တဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။

မြို့သာစက်မှုဇုန်စီမံကိန်းရဲ့ အားသာချက်အဖြစ် အနီးမှာ ဆီမီးခုံဆိပ်ခံတံတားကို အကောင်အထည်ဖော် ဆောင်ရွက်နေသဖြင့် ရေကြောင်းနဲ့ သယ်ယူပို့ဆောင်တဲ့ လုပ်ငန်းများအတွက် အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အမြန်လမ်းနဲ့ မြို့သာစက်မှုဇုန်အကြား နာရီဝက်အတွင်း ရောက်နိုင်တဲ့ လမ်းသစ်ဖောက်လုပ်နေကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

 

Source: BE NEWS
Myanmar Industrial Directory

Read times Last modified on Thursday, 18 July 2019 13:28
Rate this item
(0 votes)