Investment



မြန်မာနိုင်ငံတွင် Daewoo ဘတ်စ်ကားများ ထုတ်လုပ်မှုစတင်နေ

မြန်မာနိုင်ငံတွင် Daewoo ဘတ်စ်ကားများ ထုတ်လုပ်မှုစတင်နေ google

ကိုရီးယားကုမ္ပဏီ Daewoo က ဒေါ်လာ ( ၁၀ ) သန်းခန့် မြှုပ်နှံထားပြီး SKD ( Semi Knock Down )  စနစ်ဖြင့် ပြည်တွင်းပြည်ပကို တင်ပို့ရောင်းချနိုင်ရန် စီစဉ်ထားတဲ့ Daewoo ဘတ်စ်ကားများ မြန်မာနိုင်ငံမှာ ထုတ်လုပ်မှုစတင်နေပြီဖြစ်ကြောင်း သိရပါတယ်။

Daewoo Bus Myanmar ကုမ္ပဏီကို ကိုရီးယားနိုင်ငံမှ Zyle Daewoo ကုမ္ပဏီနဲ့ မြန်မာနိုင်ငံမှ Myanmar Trade Center ကုမ္ပဏီတို့ ပူးပေါင်းကာ ၂၀၁၇ ခုနှစ် မတ်လမှာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ထောက်ကြန့်မြို့နယ်ရှိ လေးဧကကျယ်ဝန်းတဲ့ မြေကွက်ကို စက်မှုဝန်ကြီးထံမှ BOT စနစ်ဖြင့် ငှားရမ်းကာ စက်ရုံတည်ဆောက်ထားခြင်းဖြစ်ပါတယ်။ အခုနှစ် ဇွန်လမှ စက်ရုံစတင်ဖွင့်လှစ်ကာ Daewoo ဘတ်စ် ( ၁၀ ) စီးကို ကနဦး စတင်တပ်ဆင် ထုတ်လုပ်နေကြောင်း သိရပါတယ်။

Daewoo ဘတ်စ်များကို ကိုရီးယားနိုင်ငံအပြင် တရုတ်၊ ကော့စတာရီကာ၊ ဗီယက်နမ်၊ ကာဇက်စတန်၊ ပါကစ္စတန်နဲ့ ထိုင်ဝမ်တို့မှာပါ SKD စနစ်နဲ့ ထုတ်လုပ်လျက်ရှိကာ မြန်မာနိုင်ငံမှာ ရှစ်နိုင်ငံမြောက်အဖြစ် စက်ရုံတည်ဆောက် ထုတ်လုပ်ခြင်းဖြစ်ပြီး တစ်နှစ်ကို ဘတ်စ်ကားအစီးရေ ( ၅၀၀ ) ခန့် ထုတ်လုပ်ရောင်းချသွားမယ်လို့ သိရပါတယ်။

လက်ရှိ ကိုရီးယားနိုင်ငံမှာ ထုတ်လုပ်နေတဲ့ City Bus BS 106 နဲ့ Lestar Minibus နှစ်မျိုးကိုသာ မြန်မာနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်မှာဖြစ်ပြီး Service Center များကို ထောက်ကြန့်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ တည်ဆောက်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကိုရီးယားမှာ ထုတ်လုပ်တဲ့ ကားများနဲ့ အရည်အသွေးအတူတူဖြစ်စေဖို့လည်း Zyle Daewoo က အာမခံထားပါတယ်။

ဈေးနှုန်းများမှာ Lestar Minibus က အမေရိကန်ဒေါ်လာ လေးသောင်းခွဲဝန်းကျင်မှစတင်ပြီး City Bus က ဒေါ်လာရှစ်သောင်းခွဲဝန်းကျင်ဖြစ်ကာ ရန်ကုန်လိုင်စင်ရရှိမှာဖြစ်ပါတယ်။ ဒါ့ပြင် မှာယူလိုသူ လိုအပ်တဲ့ပုံစံအတိုင်း ဈေးနှုန်းပြောင်းလဲမှုရှိမှာဖြစ်ပါတယ်။

 

လက်ရှိမှာ ကိုရီးယားမှ အင်ဂျင်နီယာများရဲ့ အကူအညီရယူကာ မြန်မာနိုင်ငံမှ အင်ဂျင်နီယာများကို စမ်းသပ်သင်ကြားပေးတဲ့အနေနဲ့ City Bus BS 106 ငါးစီးနဲ့ Lestar Minibus ငါးစီးစီ တပ်ဆင်ထုတ်လုပ်လျက်ရှိပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံမှ အင်ဂျင်နီယာများဖြင့်သာ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

Daewoo မှ ထုတ်လုပ်တဲ့ ကားများဟာ လက်ရှိမြန်မာနိုင်ငံမှာ ထုတ်လုပ်နေတဲ့ SKD အဆင့်ထက်မြင့်မားပြီး Lower Level CKD အဆင့် တပ်ဆင်ထုတ်လုပ်နေခြင်းဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောပါတယ်။

မြန်မာနိုင်ငံရှိ မော်တော်ယာဉ်ဈေးကွက်မှာ ကိုရီးယားအမှတ်တံဆိပ်ဖြစ်တဲ့ Daewoo၊ Hyundai၊ KIA နဲ့ ဂျပန်အမှတ်တံဆိပ်ဖြစ်တဲ့ NISSAN နဲ့ SUZUKI တို့ကို တပ်ဆင်ထုတ်လုပ်လျက်ရှိပါတယ်။

 

Source: Eleven, The Voice
Myanmar Industrial Directory

Read times Last modified on Wednesday, 12 June 2019 16:31
Rate this item
(0 votes)