Global News



၂၀၂၀ ပြည့်နှစ်အတွက် အခြေခံလုပ်အားခ တိုးမြှင့်လိုက်တဲ့ တောင်ကိုရီးယား

၂၀၂၀ ပြည့်နှစ်အတွက် အခြေခံလုပ်အားခ တိုးမြှင့်လိုက်တဲ့ တောင်ကိုရီးယား google

တောင်ကိုရီးယားနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အတွက် အခြေခံလုပ်အားခကို တစ်နာရီလျှင် ကိုရီးယားဝမ် ၈၅၉၀ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၃) သို့ တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။

၎င်းသည် လက်ရှိ အခြေခံလုပ်အားခနှုန်းဖြစ်သော တစ်နာရီလျှင် ကိုရီးယားဝမ် ၈၃၅၀ ၏ (၂ ဒသမ ၉) ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်ခြင်း ဖြစ်ပြီး၊ ၁၉၈၈ ခုနှစ်တွင် လုပ်အားခစနစ်ကို စတင်ကျင့်သုံးခဲ့ချိန်မှစ၍ တတိယအနိမ့်ဆုံးနှုန်း ဖြင့် တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

ယခုတစ်ကြိမ် တိုးမြှင့်လိုက်သည့် (၂ ဒသမ ၉) ရာခိုင်နှုန်းသည် ၂၀၁၈ ခုနှစ်အတွက် တိုးမြှင့်ခဲ့သည့် (၁၆ ဒသမ ၄) ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ်အတွက် တိုးမြှင့်ခဲ့သည့် (၁၀ ဒသမ ၉) ရာခိုင်နှုန်းတို့နှင့် နှိုင်းယှဉ်လျှင် သမ္မတမွန်ဂျေးအင်၏ အာဏာရသက်တမ်းအတွင်း အနိမ့်ဆုံးနှုန်းထားတစ်ခုလည်း ဖြစ်ကြောင်း သိရှိရပါတယ်။

စီးပွားရေးတိုးတက်မှုနှုန်း နှေးနေသည့်အနေအထားတွင် စီးပွားရေးလုပ်ငန်းငယ်များအတွက် ဘဏ္ဍာရေးပြဿနာများကို ပိုမိုရင်ဆိုင်လာရဖွယ်ဖြစ်ကြောင်း၊ ယခုကဲ့သို့ နှုန်းအနည်းငယ်သာ တိုးမြှင့်ပေးလိုက်ခြင်းသည် ၂၀၂၂ ခုနှစ်တွင် အခြေခံလုပ်အားခနှုန်းအား ကိုရီးယားဝမ် (၁၀ဝ၀ဝ၀ ဖြစ်စေရမည်ဟူသော သမ္မတမွန်ဂျေးအင်၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလအတွင်း ကတိပြုခဲ့မှုမှာ အောင်မြင်ရန်မဖြစ်နိုင်ကြောင်း၊ အဖွဲ့ဝင် (၂၇) ဦးပါဝင်သည့် အခြေခံလုပ်အားခ သတ်မှတ်ရေးကော်မရှင်အနေဖြင့် အခြေခံလုပ်အားခနှုန်းအတွက် ၁၃ နာရီကြာ ဆွေးနွေးခဲ့ပြီးနောက် အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။

ယခုတစ်ကြိမ် တိုးမြှင့်မှုသည် ၁၉၉၈ ခုနှစ်၊ အာရှဘဏ္ဍာရေး အကျပ်အတည်း ရင်ဆိုင်ရပြီးချိန်တွင် တိုးမြှင့်ခဲ့သည့် (၂ ဒသမ ၇) ရာခိုင်နှုန်းနှင့် ၂၀၁၀ ခုနှစ်၊ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ရင်ဆိုင်ရပြီးချိန်တွင် တိုးမြှင့်ခဲ့သည့် (၂ ဒသမ ၇၅) ရာခိုင်နှုန်းတို့ပြီးလျှင် တတိယမြောက် အနိမ့်ဆုံးနှုန်းဖြစ်နေသည့်အတွက် တောင်ကိုရီးယားနိုင်ငံ အလုပ်သမားသမဂ္ဂများ အသင်းချုပ်အနေဖြင့် ကပ်ဆိုးအန္တရာယ်ဟု တင်စားခေါ်ဝေါ်လိုက်ကြောင်း The Korea Times သတင်းစာတွင် ရေးသားဖော်ပြထားပါတယ်။

ထို့ပြင် သမ္မတမွန်ဂျေးအင်၏ မဲဆွယ်စည်းရုံးရေးကာလတွင် အလုပ်သမားများအရေးအား အလေးထားသဖြင့် အခြေခံလုပ်အားခနှုန်းကို (၁၀ဝ၀ဝ) ဝမ်အထိ တိုးမြှင့်ပေးနိုင်ရေး ဆောင်ရွက်မည့်ကတိနှင့် နိုင်ငံ၏ စီးပွားရေးအခြေအနေအား ဖြေရှင်းရမည့်ကိစ္စတို့သည် အယူဝါဒနှစ်ခြမ်းကွဲကာ အားပြိုင်၍ အနှစ်သာရမရှိသည့် အခြေအနေဖြစ်နေကြောင်း ဖော်ပြထားပါတယ်။

 

Credit: ဝင်းပပသူ
စီးပွားရေးသံမှူး၊ ဆိုးလ်မြို့

Read times Last modified on Friday, 16 August 2019 14:59
Rate this item
(0 votes)