Global News



၂၀၁၉ -၂၀၂၀ ရာသီ၌ ကမ္ဘာ့သကြားလိုအပ်မှု ဖြစ်ပေါ်ကာ သကြားဈေးကောင်းရန်ရှိ

၂၀၁၉ -၂၀၂၀ ရာသီ၌ ကမ္ဘာ့သကြားလိုအပ်မှု ဖြစ်ပေါ်ကာ သကြားဈေးကောင်းရန်ရှိ google

၂၀၁၉ -၂၀၂၀ ရာသီမှာ ကမ္ဘာ့သကြား လိုအပ်ချက်ဟာ တန်ချိန် ( ၂.၅ ) သန်းရှိလာနိုင်ပြီး ကုန်ပိုလျှံမှုကြောင့် နှစ်အတန်ကြာ ဈေးကျဆင်းခဲ့တဲ့ သကြားဈေးများ ပြန်ကောင်းလာဖို့ရှိကြောင်း အာဆီယံ သကြားလုပ်ငန်းပူးပေါင်းအဖွဲ့က ခန့်မှန်းထားပါတယ်။

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာ ဇွန်လ ( ၁၇ ) ရက်က ပြုလုပ်ခဲ့တဲ့ အာဆီယံ သကြားလုပ်ငန်းပူးပေါင်းအဖွဲ့ရဲ့ စတုတ္ထအကြိမ်မြောက် အစည်းအဝေးမှာ ၎င်းခန့်မှန်းချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ MITR Phol သကြားကော်ပိုရေးရှင်းမှ ဈေးကွက်သုတေသီ Ms.Sasathorn Sanguandeekul က ၂၀၁၉ -၂၀၂၀ ခုနှစ်မှာ ထိုင်း၊ အိန္ဒိယတို့ရဲ့ သကြားအထွက် ကျဆင်းနိုင်ခြေကြောင့် အာရှတိုက်မှာ သကြားလိုအပ်မှု တန်ချိန် ( ၉.၅ ) သန်းဝန်းကျင် ရှိနိုင်ပါတယ်လို့ ပြောပါတယ်။

ကမ္ဘာ့သကြားထုတ်လုပ်မှုနဲ့ တင်ပို့မှု အများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံဟာဆိုရင် ကြံပင်များ ကြီးရင့်လာခြင်းနဲ့ မိုးခေါင်ခြင်းကြောင့် ၂၀၁၈ -၂၀၁၉ ရာသီက သကြားထုတ်လုပ်မှုမှာ တန်ချိန် ( ၂၆.၅ ) သန်းသို့ လျော့ကျခဲ့ပါတယ်။ ဘရာဇီးနိုင်ငံအနေနဲ့ ၂၀၁၉ -၂၀၂၀ ရာသီမှာ သကြားထုတ်လုပ်မှု တန်ချိန် ( ၂၆ သန်းမှ ၂၈ သန်း ) အကြား ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

တရုတ်နိုင်ငံရဲ့ သကြားထုတ်လုပ်မှုမှာ ၂၀၁၈ -၂၀၁၉ ရာသီက တန်ချိန် ( ၁၁.၆၃ ) သန်းနဲ့ ၂၀၁၉ -၂၀ ရာသီမှာ တန်ချိန် ( ၁၁.၂ ) သန်း ရှိနိုင်ပြီး နိုင်ငံရဲ့ သကြားလိုအပ်ချက်ထက် လျော့နည်းမယ်လို့ ခန့်မှန်းထားတဲ့အပြင် တရုတ်အနေဖြင့် ပြည်ပမှ သကြား တန်ချိန် ( ၄.၅ ) သန်းဝန်းကျင် တင်သွင်းရဖွယ်ရှိပါတယ်။

ထိုင်းနိုင်ငံကလည်း ၂၀၁၈ -၂၀၁၉ ရာသီက သကြားတန်ချိန် ( ၁၄.၆ ) သန်း ထုတ်လုပ်ခဲ့ရာမှ ၂၀၁၉ -၂၀၂၀ ရာသီမှာ မိုးခေါင်ခြင်း၊ တောင်သူများ သီးနှံပြောင်းစိုက်ခြင်းတို့ကြောင့် သကြားတန်ချိန် ( ၁၃ ) သန်းဝန်းကျင်သာ ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ကမ္ဘာ့ဈေးကွက်မှာ သကြားပိုလျှံမှုကို နှစ်အတန်ကြာ ကြုံတွေ့ခဲ့ရာမှ ၂၀၁၉ -၂၀၂၀ ရာသီမှာ သကြားလိုအပ်မှုဖြစ်လာခြင်းမှ TTC Sugar လုပ်ငန်းအပါအဝင် သကြားကုမ္ပဏီကြီးများအတွက် အခွင့်အလမ်းဖြစ်လာနိုင်ကြောင်း လုပ်ငန်းကျွမ်းကျင်သူများက ပြောပါတယ်။

“သကြားဈေးဟာ ရေတိုကာလမှာ တစ်ပေါင်ကို ( ၁၂ ) စင့်ကနေ ( ၁၃.၅ ) စင့်အကြား ဖြစ်နိုင်တယ်။ ရေရှည်မှာတော့ သကြားအလိုပြနိုင်တာကြောင့် ဈေးက ( ၁၂.၅ ) စင့်ကနေ ( ၁၄.၅ ) စင့်အကြား ရောက်လာနိုင်ပါတယ်” လို့ Ms.Sasathorn ကပြောပါတယ်။

 

Source: The Farmer Myanmar
Myanmar Industrial Directory

Read times Last modified on Wednesday, 03 July 2019 10:30
Rate this item
(1 Vote)