Export, Import



နယ်စပ်မှ တရုတ်သို့ ဆန်ပို့သည့် မြန်မာကုန်သည်များ အခက်အခဲကြုံတွေ့

နယ်စပ်မှ တရုတ်သို့ ဆန်ပို့သည့် မြန်မာကုန်သည်များ အခက်အခဲကြုံတွေ့ google

ယူနန်ပြည်နယ်မှ တရုတ်ကုန်သည်များရဲ့ မရိုးမသား ပြုလုပ်မှုကြောင့် မြန်မာနိုင်ငံက ဆန်တင်ပို့နေတဲ့ ကုန်သည်များ အခက်အခဲဖြစ်နေတယ်လို့ မူဆယ်ဆန်ကုန်စည်ဒိုင်မှ ဆန်ကုန်သည်အချို့က ပြောပါတယ်။

တရုတ်အစိုးရ ခွင့်ပြုမိန့် (ပါမစ်) လက်လွှဲရောင်းချမှုများကို အသုံးပြုပြီး မြန်မာနိုင်ငံမှ ဆန်ကို ဝယ်ယူရာတွင် ဈေးနှိမ်ခြင်းအပါအဝင် နည်းမျိုးစုံသုံးနေတယ်လို့ ၎င်းတို့က ပြောပါတယ်။

နယ်စပ်မှ လယ်ယာထွက်ကုန်အချို့ကို ယူနန်အစိုးရက သွင်းကုန်ခွင့်ပြုမိန့် ထုတ်ပေးပေမယ့်လည်း တရုတ်ကုန်သည်များရဲ့ ဈေးနှိမ်ဝယ်ယူခြင်းခံရကြောင်း မူဆယ်မြို့ရှိ ကုန်သည်အချို့က ပြောပါတယ်။

ယူနန်အစိုးရက နယ်စပ်မှ ဆန်တန်ချိန်တစ်သောင်းကို တရားဝင်တင်သွင်းခွင့်ပြုထားပေမယ့်လည်း ဝယ်ယူတဲ့ကုမ္ပဏီက ခွင့်ပြုမိန့်ကို အကျိုးအမြတ်ရယူပြီး လက်လွှဲရောင်းချမှုရှိခဲ့တယ်လို့ မြန်မာနိုင်ငံမှ ဆန်ကုန်သည်များဘက်က စွပ်စွဲနေပါတယ်။ ဒါ့ကြောင့် တစ်လကျော်တဲ့အထိ တန်ချိန်သုံးထောင်မှ လေးထောင်ကြားသာ ရောင်းချနိုင်ခဲ့ကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောပါတယ်။

တရုတ်နိုင်ငံရှိ ရွှေချိုက်ကုမ္ပဏီက မူဆယ်နယ်စပ်မှ တရားဝင် ဆန်တန်ချိန်တစ်သောင်းကျော် ဝယ်ယူရာတွင် ယူနန်အစိုးရကို အခွန် (၆၀) ရာခိုင်နှုန်း ပေးဆောင်ရတဲ့ အကြောင်းပြချက်နဲ့ ဈေးနှိမ်ဝယ်ယူမှုများရှိကြောင်း မြန်မာဆန်ကုန်သည်အချို့က ပြောကြားပါတယ်။

နယ်စပ်မှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ဆန်တစ်တန်ကို ကန်ဒေါ်လာ (၃၀၀) ခန့်အထိ ဈေးနှိမ်ခံရမှုကြောင့် မြန်မာဆန်ကုန်သည်များ အကျိုးအမြတ်နည်းနေတဲ့အတွက် တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှ သင်္ဘောဖြင့် တရားဝင်ရောင်းချနိုင်ရေး ပြန်လည်ကြိုးစားလာကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက ပြောပါတယ်။

ပင်လယ်ရေကြောင်းမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် တစ်တန်ကို ကန်ဒေါ်လာ (၃၂၀) မှ (၃၃၀) အကြား အနည်းဆုံးဈေးရရှိကြောင်း သိရပါတယ်။ လက်ရှိမှာ တရုတ်သို့ ရေကြောင်းမှတဆင့် တရားဝင်အခွန်ဆောင်ပြီး ဆန်တန်ချိန် ခြောက်သောင်းခန့် ရောင်းချထားကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောပါတယ်။

 

Source: 7Day Daily
Myanmar Industrial Directory

Read times
Rate this item
(1 Vote)