Export, Import



နာနတ်သီးတင်သွင်းမှုကို တရုတ်မှ ပိတ်လိုက်၍ တောင်သူများ ဈေးကွက်ပျောက်

နာနတ်သီးတင်သွင်းမှုကို တရုတ်မှ ပိတ်လိုက်၍ တောင်သူများ ဈေးကွက်ပျောက် google

တရုတ် - မြန်မာနှစ်နိုင်ငံ သဘောတူညီမှု သီးနှံစာရင်းမှာ နာနတ်သီးမပါဝင်ဟုဆိုကာ နာနတ်သီးတင်သွင်းမှုကို တရုတ်အစိုးရက ပိတ်လိုက်ခြင်းကြောင့်

နာနတ်စိုက်တောင်သူများ ဈေးကွက်ပျောက်ဆုံးကာ ဆုံးရှုံးမှုများနဲ့ ရင်ဆိုင်နေရကြောင်း နာနတ်စိုက်တောင်သူများထံမှ သိရပါတယ်။

ယခုနှစ် နာနတ်သီးပေါ်ချိန် အစပိုင်းအထိ တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိခဲ့ပေမယ့်လည်း ဇွန်လ ( ၁၅ ) ရက်က စတင်ကာ တရုတ်ဘက်က ပိတ်ပင်လိုက်သဖြင့် နာနတ်စိုက်တောင်သူများ အခက်အခဲဖြစ်လာပါတယ်။ လက်ရှိမှာလည်း နာနတ်သီးကို တရုတ်နိုင်ငံသို့သာ အဓိကထား တင်ပို့နေခြင်းဖြစ်တာကြောင့် အခုလို ပြည်ပသို့ မတင်ပို့နိုင်တော့တဲ့အခါ ပြည်တွင်းဈေးကွက်ကိုသာ နာနတ်သီးများ ရောင်းချနေရပါတယ်။

ပြည်တွင်းဈေးကွက်ကို တင်ပို့တဲ့အခါမှာလည်း တရုတ်ကို ပို့တဲ့ဈေးအတိုင်း မရတဲ့အပြင် သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်လာခြင်းကြောင့် အခက်တွေ့နေကြောင်း သီပေါမြို့နယ်၊ နာနတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။

ယခုနှစ်တွင် နာနတ်သီး ပေါက်ဈေးမှာ အနည်းဆုံး ကျပ် ( ၂၅၀ ) မှ ကျပ် ( ၃၀၀ ) ဝန်းကျင်ဖြတ်ကာ ဝယ်ယူထားပြီ ဝယ်ဈေးမြင့်တက်ခဲ့ချိန် ရာသီအစမှာ တရုတ်နိုင်ငံကို တင်ပို့နိုင်ခဲ့ပေမယ့်လည်း လက်ရှိမှာ ဈေးကွက်ပျက်ကာ အရှုံးပေါ်နေခြင်းဖြစ်ပါတယ်။

ပြည်တွင်းဈေးကွက်သို့ တင်ပို့ရာတွင် ရန်ကုန်ဈေးကွက်၌ နာနတ်သီးဝယ်လိုအားမှာ တစ်ရက်လျှင် ( ၁၂ ) ဘီးယာဉ် ငါးစီးခန့်သာ ဝယ်လိုအားရှိပြီး ၎င်းထက် ပိုမိုဝင်ရောက်လာပါက နာနတ်သီးဈေးကွက် ကျဆင်းသွား
ကြောင်းသိရပါတယ်။

ယခုနှစ် မူဆယ်ဈေးကွက်မှတဆင့် ဆန်၊ ပဲ၊ ပြောင်း၊ သကြားများ တရုတ်နိုင်ငံသို့ တင်ပို့မှုရပ်ဆိုင်းနေသဖြင့် ကားများ အတက်နည်း၊ အဆင်းနည်းကာ ကားရှားပါးမှုများ ဖြစ်ပေါ်ပြီး ယခင်က ( ၁၂ ) ဘီးတစ်စီး ငှားရမ်းခမှာ ကျပ် ( ၇၀၀၀၀၀ ) ဝန်းကျင်သာရှိပြီး အခုနှစ်မှာတော့ ကျပ် ( ၁၁၅၀၀၀၀ ) ဈေးထိပေးကာ ငှားရမ်းခေါ်ယူနေရကြောင်း သိရပါတယ်။

 

Source: The Farmer Myanmar
Myanmar Industrial Directory

Read times Last modified on Thursday, 18 July 2019 14:18
Rate this item
(0 votes)