Export, Import



ပြည်ပကို ကိုယ်ပိုင်စိုက်ခင်းက ထွက်တဲ့သစ် အလုံးလိုက် တင်ပို့ခွင့်ပြု

ပြည်ပကို ကိုယ်ပိုင်စိုက်ခင်းက ထွက်တဲ့သစ် အလုံးလိုက် တင်ပို့ခွင့်ပြု mmtimes.com

ပုဂ္ဂလိကနဲ့ နိုင်ငံပိုင် သစ်တောစိုက်ခင်းများမှ ထွက်ရှိတဲ့ သစ်များနဲ့ပတ်သက်ပြီး အနည်းငယ်ဖြေလျှော့ကာ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ခွင့်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြန်လည်ခွင့်ပြုလိုက်ကြောင်း

မြန်မာ့သစ်လုပ်ငန်း အထွေထွေမန်နေဂျာ ဦးညီညီထွန်းက နေပြည်တော်မှာ ဇွန် ( ၁၁ ) ရက်ကကျင်းပတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခမ်းအနားအပြီးမှာ ပြောကြားခဲ့ပါတယ်။

''ကိုယ်တိုင်စိုက်ထားတဲ့သစ်ဆိုရင် အဲဒါကို အလုံးလိုက် ပြည်ပကို တင်ပို့ခွင့်ပြုမယ်ပေါ့'' လို့ ၄င်းက ပြောပါတယ်။ ၎င်းဝန်ကြီးဌာနအောက်ရှိ သစ်တောဦးစီးဌာနက အဆိုပါတင်ပို့ခွင့်နဲ့ ပတ်သက်ပြီး တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကာ ပြီးခဲ့တဲ့ မေ ( ၃၁ ) ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

ပြည်ပကို သစ်အလုံးလိုက် တင်ပို့ခြင်းကို ယခင်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်၊ ဧပြီ ( ၁ ) ရက်က စတင်ရပ်ဆိုင်းခဲ့ပြီး ယခုအစိုးရလက်ထက်မှာ စိုက်ခင်းများမှ ထွက်တဲ့သစ်ကို အလုံးလိုက် ပြန်လည်တင်ပို့ခွင့်ပြုခြင်းဖြစ်ပါတယ်။ သဘာဝသစ်တောများမှ ထွက်တဲ့သစ်များကတော့ အကျုံးမဝင်ပါဘူးလို့ သိရပါတယ်။ အဓိအားဖြင့် စီးပွားရေးစိုက်ခင်းတွေဖြစ်ကြောင်း ဦးညီညီထွန်းက ပြောပါတယ်။

ပြည်ပကို စိုက်ခင်းများမှထွက်တဲ့ သစ်အလုံးလိုက် တင်ပို့ခွင့်ပြုခြင်းက သစ်တောစိုက်ခင်း ထူထောင်ထားတဲ့ လုပ်ငန်းရှင်များအတွက် ကောင်းသောအခွင့်အရေးဖြစ်ကြောင်း မြန်မာနိုင်ငံသစ်နှင့် သစ်တောထွက်ပစ္စည်းကုန်သည်များအသင်း ဒုတိယဥက္ကဌ ဦးသိန်းဝင်းက ပြောပါတယ်။

အရင်းအနှီးကြီးကြီးဖြင့် ကာလရှည်မြှုပ်နှံထားရကာ သစ်တောစိုက်ခင်းထူထောင်ထားတဲ့ လုပ်ငန်းရှင်များကို အခုလိုအခွင့်အရေးပေးခြင်းဟာ ၄င်းတို့ရဲ့ အရင်းအနှီးများ ပြန်လည်ထွက်ပေါ်လာစေတဲ့အတွက် နောက်ထပ်စိုက်ခင်းများကိုပါ ထပ်မံတိုးချဲ့ စိုက်ပျိုးလာမယ့် အခြေအနေရှိကြောင်း ဦးသိန်းဝင်းက ဆိုပါတယ်။

 

ပြည်ပတင်ပို့ခွင့်ပြုတဲ့အခါမှာလည်း သဘာဝသစ်တောများအတွင်းမှ သစ်များနဲ့ ရောထွေးပါဝင်မှုမရှိစေဖို့ သစ်တောဦးစီးဌာနက ကိစ္စရပ်တစ်ခုချင်းအလိုက် စိစစ်ပြီးမှ ခွင့်ပြုမှာဖြစ်ပါတယ်။

သစ်တောစိုက်ခင်းမှ ပင်ပူး၊ ပင်ကျပ်များ ခုတ်ယူကာ ပြည်ပတင်ပို့လိုတဲ့ လုပ်ငန်းရှင်အနေနဲ့ သစ်တောဦးစီးဌာနကို တင်ပြရမှာဖြစ်ပြီး ဦးစီးဌာနက စနစ်တကျ စိစစ်ခွင့်ပြုချက်ထုတ်ပေးမှာဖြစ်ပါတယ်။ ခွင့်ပြုချက်ရရှိမှသာ တင်ပို့ခွင့်ရရှိမှာဖြစ်ပါတယ်။

သစ်အလုံးလိုက်တင်ပို့ခွင့်ကို စနစ်တကျခွင့်ပြုခြင်းက သစ်တောပြုန်းတီးမှုနဲ့ ပတ်သက်မှုမရှိကြောင်း ဦးညီညီထွန်းက ပြောပါတယ်။ အခုလိုခွင့်ပြုခြင်းက စိုက်ခင်းများအတွင်းရှိနေတဲ့ ပင်ပူး၊ ပင်ကျပ်များကိုသာ ထုတ်ယူတင်ပို့ခွင့်ဖြစ်ပြီး သဘာဝတောများမှ ထွက်ရှိတဲ့သစ်နဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။

သစ်တောစိုက်ခင်းအများစုက ထူထောင်ထားတဲ့ကာလ ဆယ်နှစ်ကျော်ပြီဖြစ်တာကြောင့် ၎င်းစိုက်ခင်းများမှ ပင်ပူး၊ ပင်ကျပ်များ ထုတ်လုပ်ရမယ့် အခြေအနေရှိနေကြောင်း ဦးသိန်းဝင်းက ပြောပါတယ်။

 

Source: Myanmar Times
Myanmar Industrial Directory

Read times Last modified on Wednesday, 12 June 2019 10:34
Rate this item
(2 votes)