Banking & Loan



အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကုမ္ပဏီအဖြစ်ပြောင်းလဲဖွဲ့စည်းရန် ထုတ်ပြန်

အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကုမ္ပဏီအဖြစ်ပြောင်းလဲဖွဲ့စည်းရန် ထုတ်ပြန် google

အသေးစားငွေရေးကြေးရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ပြည်တွင်း ၊ ပြည်ပအသင်းအဖွဲ့များ (NGO /INGO များ) ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လအစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

၎င်းအကြောင်းကြားစာအရ INGO နဲ့ NGO များအနေနဲ့ ပြည်တွင်းငွေရေးကြေးရေးလုပ်ငန်းများ လုပ်ကိုင်မယ်ဆိုပါက ကုမ္ပဏီဥပဒေနဲ့အညီ မှတ်ပုံတင်ထားရှိရမှာဖြစ်ပြီး လုပ်ငန်းလိုင်စင်ရရှိမှသာ ဆောင်ရွက်နိုင်မယ်လို့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။

“ NGO က ကုမ္ပဏီဖြစ်လာတဲ့ အခြေအနေမျိုးတော့ မဟုတ်ဘူး။ ကုမ္ပဏီဥပဒေအောက်မှာ စီးပွားရေးလုပ်ငန်းလုပ်ဖို့အတွက် ကုမ္ပဏီမှတ်ပုံတင်ချင်ရင် တင်လို့ရတယ်။ နောက်ထပ် ကုမ္ပဏီအမျိုးအစားတစ်ခုအနေနဲ့ ပြောလို့ရှိရင် အဲဒီလိုမျိုး Development ကို ဦးတည်တဲ့ကုမ္ပဏီမျိုးတွေဟာ Company Limited by Guarantee ဆိုတဲ့ အခြေအနေတစ်ခုနဲ့ တင်လို့ရတယ်" လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောပါတယ်။

INGO ဆိုတာ နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှာ နိုင်ငံတော်အတွင်း လူမှုရေးလုပ်ငန်းတစ်ရပ်ရပ် ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့မှာ မှတ်ပုံတင်ထားခြင်းကို ဆိုလိုခြင်းဖြစ်တယ်လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက သဘောထားမှတ်ချက်ကိုလည်း အဆိုပါအကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

အသေးစားငွေကြေးလုပ်ငန်းဆောင်ရွက်နေတဲ့ INGO အဖွဲ့အစည်းများအနေနဲ့ ကုမ္ပဏီများဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ဖို့လိုအပ်ပြီး ၎င်းနောက်ငွေကြေးစီးဆင်းနိုင်ဖို့ ဘဏ်အကောင့် ဖွင့်လှစ်မှသာ ဝင်ငွေခွန်ကိစ္စရပ်များ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

“ဒီလိုအဖွဲ့အစည်းတွေကို ပြည်တွင်းအခွန်က Sort of Income ကိုကြည့်တဲ့အခါ ဝင်ငွေရလမ်းပြနိုင်တယ်။ မပြနိုင်တဲ့အပေါ်မှာ income tax ကို ကောက်ရတဲ့ပုံစံမျိုးဖြစ်တယ်။ နိုင်ငံခြားကလာတဲ့ ငွေဖြစ်တယ်ဆိုရင် ကနဦး income tax တော့မရှိဘူး ။ သို့သော် နှစ်ပတ်လည်စီးပွားရေးလုပ်ပြီးမှ Corporate Income Tax ဆိုတဲ့ပုံစံမျိုးပဲရှိမယ်” လို့ ဦးမျိုးမင်းက ပြောပါတယ်။

လက်ရှိ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်အတွက် INGO ( ၃ ) ဖွဲ့၊ NGO (၁၆) ဖွဲ့၊ ပြည်ပကုမ္ပဏီ (၄၇) ခု၊ ပြည်တွင်းကုမ္ပဏီ (၁၁၀) နဲ့ အစုစပ်ကုမ္ပဏီ ( ၅ ) ခုတို့ကို လိုင်စင်ထုတ်ပေးထားကြောင်း ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

 

Source: Myanmar Business Today
Myanmar Industrial Directory

Read times
Rate this item
(1 Vote)