Banking & Loan



အွန်လိုင်းမှတဆင့် ငွေချေးနိုင်သည့် လုပ်ငန်းများကို ဗဟိုဘဏ်မှ လိုင်စင်ချထားပေးခြင်းမရှိ

အွန်လိုင်းမှတဆင့် ငွေချေးနိုင်သည့် လုပ်ငန်းများကို ဗဟိုဘဏ်မှ လိုင်စင်ချထားပေးခြင်းမရှိ google

အွန်လိုင်းမှတဆင့် အပေါင်ပစ္စည်းမလို မိနစ် ၃၀ အတွင်း ငွေချေးယူနိုင်တဲ့ လုပ်ငန်းများကို ဗဟိုဘဏ်က တရားဝင် ငွေကြေးလုပ်ငန်းအဖြစ် လုပ်ကိုင်ခွင့်ပြုထားခြင်း မရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားပါတယ်။

“ ဒီလိုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး လုပ်ငန်းလိုင်စင် ချမပေးထားဘူး။ ငွေရေးကြေးရေးအဖွဲ့အစည်းမဟုတ်၊ ဘဏ်လုပ်ငန်းမဟုတ်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ခွင့်မပေးထားဘူး” လို့ ၎င်းကပြောပါတယ်။

လက်ရှိ အွန်လိုင်းမှာ ခေတ်စားနေတဲ့ အပေါင်ပစ္စည်းမလို၊ လူကိုယ်တိုင် လာရောက်ရန်မလို အွန်လိုင်းမှတဆင့် အလွယ်တကူငွေချေးနိုင်တဲ့ လုပ်ငန်းများက တရားဝင်အတိုးနှုန်းကို ( ၁.၅ ) ရာခိုင်နှုန်း သတ်မှတ်ထားပေမယ့်လည်း ဝန်ဆောင်ခခေါင်းစဉ်ဖြင့် ( ၁၀ ) ရက်ကို အတိုးနှုန်း ( ၃၀ ) ရာခိုင်နှုန်း၊ ရက် ( ၂၀ ) ဆိုရင် အတိုးနှုန်း ( ၃၅ ) ရာခိုင်နှုန်းနဲ့ ရက် ( ၃၀ ) ကို အတိုးနှုန်း ( ၄၀ ) ရာခိုင်နှုန်းအထိ တောင်းခံမှုများရှိနေကြောင်း ၎င်းလုပ်ငန်းများရဲ့ ကြေညာချက်များအရ သိရပါတယ်။

အဆိုပါလုပ်ငန်းများက အနည်းဆုံး ငွေကျပ် ငါးသောင်းမှ အများဆုံး ခုနစ်သိန်းအထိ ချေးငွေများချထားပေးပြီး လျှောက်ထားသူအနေနဲ့ ၎င်းတို့ချထားပေးတဲ့ အက်ပလီကေးရှင်းလင့်ခ်မှတဆင့် Android၊ IOS App ဖြင့် ဆွဲယူလျှောက်ထားနိုင်မှာဖြစ်ပါတယ်။

 

အဆိုပါ လုပ်ငန်းများနဲ့ ပတ်သက်ပြီး ကမ္ဘောဇဘဏ်ရဲ့ အကြံပေး ဦးသန်းလွင်က “ဒီလိုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တရားမဝင်ဘူးလို့ထင်တယ်။ ဗဟိုဘဏ်က ဘဏ်လုပ်ငန်းတွေအတွက် အတိုးနှုန်းကို တစ်နှစ်အများဆုံး ( ၂၀ ) ရာခိုင်နှုန်း၊ ဘဏ်လုပ်ငန်းမဟုတ်တဲ့ ငွေကြေးအဖွဲ့အစည်းတွေဆိုရင် တစ်လ ( ၃ ) ရာခိုင်နှုန်းနဲ့ တစ်နှစ် ( ၃၆ ) ရာခိုင်နှုန်းအထိပဲ သတ်မှတ်ထားတယ်။ ဒီလိုအတိုးနှုန်းကြီးတဲ့လုပ်ငန်းက လုပ်ကိုင်ခွင့်မရှိလောက်ဘူး”လို့ ရှင်းပြပါတယ်။

အခုလို အဖွဲ့အစည်းများက အွန်လိုင်းအသုံးပြုသူများအကြား ရေပန်းစားလျက်ရှိပြီး အများစုမှာ ငွေကြေးမတတ်နိုင်သူများနဲ့ အလုပ်အကိုင်မဖော်ပြနိုင်တဲ့ လူတန်းစားအကြား အရေးပေါ် ငွေရလမ်းဖြစ်နေကာ အတိုးနှုန်းမြင့်မားမှုကြောင့် နောက်ပိုင်းမှာ ချေးငွေယူသူအတွက် ငွေကြေးအခက်အခဲဖြစ်ပေါ်နိုင်ကြောင်း ၎င်းကဆိုပါတယ်။

လက်ရှိမှာ ဗဟိုဘဏ်က ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ရ ပုဂ္ဂလိကဘဏ် ( ၂၉ ) ခု၊ ဘဏ်နဲ့ နိုင်ငံခြားဘဏ်ခွဲ ( ၁၃ ) ခု၊ နိုင်ငံခြားဘဏ်များ (သို့မဟုတ်) ငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ အကျိုးတူရင်းနှီးမြှုပ်နှံမှုကို ( ၃၅ ) ရာခိုင်နှုန်းအထိ လက်ခံ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရပါတယ်။

 

Source: The Voice
Myanmar Industrial Directory

Read times
Rate this item
(0 votes)